ရှေ့သို့
Image

ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံးတွေထဲမှ တစ်ဦးဖြစ်တဲ့ မက်ဆီကို သတိထားရမယ်လို့ ဘရာဇီး အသင်းဖော်တွေကို သတိပေးလိုက်တဲ့ ရိုဒရီဂို

3:28 PM, 20 November

မြောက်အမေရိကတိုက်တွင် ကျင်းပပြုလုပ်မယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအကြို ခြေစစ် ပွဲစဉ်အဖြစ် ဘရာဇီးလက်ရွေးစင် အသင်းနဲ့ အာဂျင်တီးနား လက်ရွေးစင်အသင်းတို့ ယှဉ် ပြိုင်ကစားကြမယ့် ပွဲစဉ်မတိုင်မီမှာ ကမ္ဘာ့ဘောလုံးလောကရဲ့ အကောင်းဆုံး ကစားသမား တွေထဲမှ တစ်ဦးဖြစ်တဲ့ မက်ဆီကို သတိထားထိန်းချုပ်ရမယ့်အကြောင်း ရိုဒရီဂိုက ဘရာဇီးအသင်းဖော် ကစားသမားတွေကို သတိပေးပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားအသင်းက ပြီးခဲ့တဲ့ ခြေစစ်ပွဲစဉ်တွင် ဥရုဂွေး အသင်းကို မထင်မှတ်ဘဲ ၂ဂိုး - ၀ဂိုး ရလဒ်ဖြင့် အရေးနိမ့်ခဲ့ရတာကြောင့် ဘရာဇီးအသင်းနဲ့ပွဲစဉ်တွင် အနိုင်ရရေးအတွက် ပိုမိုအားစိုက်လာနိုင်တာ ဖြစ်ပါတယ်။ ဘရာဇီးအသင်းအနေဖြင့် အမေရိကန်၊ မက္ကစီကို၊ ကနေဒါနိုင်ငံတို့ ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပသွားမယ့် ၂၀၂၆ ကမ္ဘာ့ဖလား အကြိုခြေစစ်ပွဲအဆင့်တွင် ရွှေဘောလုံးဆုကို ၈ ကြိမ်မြောက် ပူပူနွေးနွေးဆွတ်ခူးထားနိုင်တဲ့ မက်ဆီရဲ့ အာဂျင်တီးနားအသင်းနဲ့ ကစားရမှာဖြစ်တာကြောင့် ဖိအားအချို့ရှိနေတာလည်း ဖြစ်ပါတယ်။

ရိုဒရီဂိုရဲ့ ဘရာဇီးလက်ရွေးစင် အသင်းတွင် အဓိကတိုက်စစ်ကစားသမား နေမာနဲ့ ဗင်နီစီးယက်စ်တို့ ဒဏ်ရာကြောင့် လွဲချော်ကြမှာဖြစ်တာကြောင့် တိုက်စစ်ပိုင်း အခက်အခဲဖြစ်လာနိုင်တာလည်း ဖြစ်ပါတယ်။

ရွှေဘောလုံး ၈ ဆုရှင် မက်ဆီနဲ့ ထိပ်တိုက်ကစားရမယ့် ခြေစစ်ပွဲစဉ်နဲ့ ပက်သက်လို့ ရီးရဲလ်မက်ဒရစ်စတား ရိုဒရီဂိုက“ကျွန်တော်တို့အသင်းက အာဂျင်တီးနားအသင်းကို လေးလေးစားစားနဲ့ ဆက်ဆံသလိုမျိုး သူတို့အသင်းဘက်ကလည်း ထပ်တူ ဆက်ဆံပေးမယ်လို့ ထင်ပါတယ်။ မက်ဆီဆိုတာ ဘောလုံးလောကရဲ့ သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ကစားသမားတွေထဲမှာ တစ်ဦးအပါအဝင်ပါ။ ဒါကြောင့် မက်ဆီကို သတိထားပြီး ထိန်းချုပ်သွားနိုင်ဖို့ အရေးကြီးပါတယ်”လို့ ရှင်းပြ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#ရိုဒရီဂို #ဘရာဇီး #မက်ဆီ