ရှေ့သို့
Image

အာဂျင်တီးနားနဲ့ ပွဲစဉ်မှာ ပါဝင်ဖို့ ဘရာဇီးအသင်းနဲ့ အတူ လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်တဲ့ ဂျီးဆပ်

1:19 PM, 20 November

ဘရာဇီးတောင်ပံကစားသမား ဂါဘရီရယ်ဂျီးဆပ်ဟာ အာဂျင်တီးနားနဲ့ ယှဉ်ပြိုင်ရမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့ပြီး ဒဏ်ရာပြဿနာမှ ပြန်လာနိုင်ပြီလို့ယူဆရတာကြောင့် အာဆင်နယ်ရဲ့အရေးပါတဲ့ ပွဲစဉ်တွေမှာလည်း ပြန်လည်ပါဝင်လာနိုင်ဖွယ်ရှိနေပါတယ်။

တိုက်စစ်ကစားသမားဟာ ပြီးခဲ့တဲ့အောက်တိုဘာလကုန်က ဆီဗီလာကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး ပြိုင်ပွဲအရပ်ရပ်မှာ ၅ ပွဲအထိ လွဲချော်ခဲ့ရတာဖြစ်ပါတယ်။ ယခုအခါမှာတော့ ဗုဒ္ဓဟူးနေ့မှာ ယှဉ်ပြိုင်ကစားမယ့် အာဂျင်တီးနားနဲ့ ပွဲစဉ်မှာ ပါဝင်လာနိုင်ဖို့ လေ့ကျင့်ခန်းဆင်းနေနိုင်ပြီဖြစ်ပါတယ်။

ဖာဘရီဇီယိုရိုမာနိုကလည်း တွစ်တာမှတစ်ဆင့် “ဂါဘရီရယ်ဂျီးဆပ်ဟာ ယနေ့မှာ ဘရာဇီးအသင်းနဲ့အတူ လေ့ကျင့်ခန်းအပြည့်ဆင်းနေပြီး လာမယ့် အာဂျင်တီးနားနဲ့ပွဲစဉ်မှာ အသင်းနည်းပြ ဖာနန်ဒို ဒီနိဇ်အတွက် ပါဝင်ကစားပေးနိုင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ကြံ့ခိုင်မှုပြည့်ဝနေတာကြောင့် အာဆင်နယ်အတွက်လည်း ပြန်လည် ပါဝင်နိုင်တော့မှာဖြစ်လို့ အာတီတာအတွက် သတင်းကောင်းပါပဲ” လို့ ရေးသားမျှဝေခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်က အာဆင်နယ်အသင်းဟာ ဒဏ်ရာ ရရှိနေတဲ့ ဂျီးဆပ်ကို ဘရာဇီးအသင်းက ရွေးချယ်ခဲ့မှုအပေါ် မကျေမနပ်ဖြစ်နေခဲ့ပြီး အာတီတာကလည်း ကစားသမားကို အသင်းမှာပဲထားကာ ဒဏ်ရာပြဿနာမှပြန်လာနိုင်ဖို့ ဂရိုစိုက်ချင်ခဲ့တာ ဖြစ်ပါတယ်။ မကြာသေးမီရက်သတ္တပတ်များအတွင်း ဂျီးဆပ် မပါဝင်ခဲ့တဲ့ အာဆင်နယ် အသင်းဟာ ကာရာဘောင်ဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီး ပရီးမီးယားလိဂ်မှာလည်း ပထမဆုံးရှုံးပွဲအဖြစ် နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် နိုဝင်ဘာလ အစမှာ အာတီတာက ဂျီးဆပ်ကို အသင်းရဲ့လူစာရင်းမှာ ပြန်လည်ထည့်သွင်းချင်နေပြီး ဒဏ်ရာကို ဂရုစိုက်ဖို့ပြောကြားခဲ့ဖူးပါတယ်။ စပိန်သားက “ဒဏ်ရာကို နည်းမှန်လမ်းမှန်နဲ့ကုသဖို့လိုတဲ့အတွက် ဂရုစိုက်ဖို့လိုပါတယ်။ သူကလည်း တတ်နိုင်သလောက် အမြန်ဆုံးပြန်လာချင်နေပြီး ကျွန်တော်တို့ကလည်း သူ့ကိုလိုအပ်နေပါပြီ”လို့ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာပွဲစဉ်တွေကျင်းပနေတဲ့ကာလမှာ အာဆင်နယ်က ဂျီးဆပ်ကို အင်္ဂလန်မှာပဲထားလိုသော်လည်း ဖီဖာရဲ့စည်းမျဉ်းတွေအရ နိုင်ငံအသင်းကလည်း ကစားသမားရဲ့ ဒဏ်ရာ အခြေအနေကို အကဲဖြတ်နိုင်ဖို့ ခေါ်ယူခွင့်ရှိတာကြောင့် ဂျီးဆပ်ဟာ ဘရာဇီးသို့ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

ဘရာဇီးမန်နေဂျာဒီနိဇ်ကလည်း “ကျွန်တော်တို့ ဂျီးဆပ်ရဲ့အခြေအနေမှန်ကိုသိရှိဖို့ အသင်းနဲ့အတူ ခေါ်ဆောင်သွားမှာဖြစ်ပါတယ်။ သူပါဝင် ကစားနိုင်မယ်လို့လည်း ထင်ပါတယ်။ ကျွန်တော်သူ့ကို အသုံးပြုရတာကို အရမ်းကြိုက်ပါတယ်။ ဒီကိုလာတာ သူ့မှာအစီအစဉ်ရှိပြီးသားပါ။ သူက ကစားဖို့အဆင်သင့်ဖြစ်နေပြီး ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေကို လုပ်ခဲ့ပြီးဖြစ်တယ်လို့ ကျွန်တော့်ကို ပြောပါတယ်။ ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ ဂရုစိုက်မှုလည်းရှိပြီးသားပါ။ ကျွန်တော်တို့သူ့ကို အရမ်းဂရုစိုက်ထားပါတယ်။ အခြေအနေကောင်းရင် အာဂျင်တီးနားနဲ့ပွဲမှာ ပါဝင်နိုင်မှာပါ။ သူ့အနေနဲ့ ဒီရောက်ကာစအခြေအနေထက် ပိုကောင်းတဲ့ အခြေအနေနဲ့ အာဆင်နယ်ကို ပြန်နိုင်ပါလိမ့်မယ်"လို့ ပြောကြားခဲ့ပါတယ်။

ဘရာဇီးအသင်းဟာ နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ခြေစစ်ပွဲစဉ် ၂ ပွဲစလုံးကိုရှုံးနိမ့်ထားခဲ့ပြီး ယခုအခါမှာ ကမ္ဘာ့ဖလား ချန်ပီယံတွေကို ဒဏ်ရာကြောင့်အနားယူနေရတဲ့ နေမာနဲ့ ဗင်နီစီးယက်စ်တို့ မပါဝင်ဘဲ ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။ အာဆင်နယ်အသင်းကလည်း ခရစ္စမတ်အကြိုကာလတွေမှာ အရေးပါတဲ့ပွဲစဉ်တွေ ရှိနေတာကြောင့် ဂျီးဆပ်ကို ကြံ့ခိုင်မှုအပြည့်နဲ့ အသင်းကိုပြန်လာစေချင်နေပါတယ်။

ယခုနှစ်မကုန်ခင်အတွင်း အာတီတာရဲ့အသင်းဟာ ပီရီးမီးယားလိဂ်ပွဲစဉ် ၈ ပွဲအပြင် ချန်ပီယံလိဂ်မှာလည်း ပီအက်စ်ဗွီ၊ လန်းစ်တို့နဲ့ ယှဉ်ပြိုင်သွားရဖို့ရှိနေပါတယ်။

#အာဂျင်တီးနား #ကမ္ဘာ့ဖလားခြေစစ်ပွဲ #ဂျီးဆပ်