ရှေ့သို့
Image

ယူရိုခြေစစ်ပွဲ အောင်မြင်ပြီးနောက် ထောင်ပေါင်းများစွာသော ပရိသတ်တွေကြားမှာ ဘရန်ဒီသောက်ပြီး အောင်ပွဲခံခဲ့တဲ့ ဆိုဘိုဆလိုင်း

11:22 AM, 20 November

ဟန်ဂေရီ ကွင်းလယ်ကစားသမား ဒွန်မီနစ်ခ်ဆိုဘိုဆလိုင်းဟာ ယမန်နေ့ ကစားခဲ့တဲ့ ယူရို ၂၀၂၄ခြေစစ်ပွဲစဉ်မှာ မွန်တီနီဂရိုးကို ၃-၁ နဲ့ အနိုင်ရရှိကာ ခြေစစ်ပွဲ အောင်မြင်သွားခဲ့ပြီးနောက် ထောင်ပေါင်းများစွာသော ပရိသတ်အုပ်ကြီးထဲကို ခုန်ချကာ ဟန်ဂေရီရိုးရာ အရက်တစ်မျိုးဖြစ်တဲ့ Palinka ကိုသောက်ပြီးအောင်ပွဲခံခဲ့ပါတယ်။

ဆာဘီးယား၊ လစ်သူယေးနီးယား၊ မွန်တီနီဂရိုး၊ ဘူလ်ဂေရီးယားတို့နဲ့အတူ အုပ်စု G မှာ ကျရောက်ခဲ့တဲ့ ဟန်ဂေရီဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတည်းက ဘူလ်ဂေးရီးယားနဲ့ တစ်ဖက် ၂ ဂိုးစီသရေကျကာ ယူရို ၂၀၂၄ ခြေစစ်ပွဲကို အောင်မြင်ခဲ့ပြီးဖြစ်ပါတယ်။ ယခု ဘူဒါပက်စ်မှာ ကျင်းပခဲ့တဲ့ မွန်တီနီဂရိုးနဲ့ပွဲစဉ်မှာ ဟန်ဂေရီအတွက် ဂိုးတွေကို ဆိုဘိုဆလိုင်းနဲ့ အဒမ်နာဂျီတို့ကသွင်းယူပေးခဲ့ပြီး နောက်ထပ်ရမှတ် ၃ မှတ် ထပ်မံပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

ဒါ့ကြောင့် ပွဲအပြီးမှာတော့ အသင်းအတွက် သင်းဂိုး ၂ ဂိုးကို ၃ မိနစ်အတွင်း သွင်းယူပေးခဲ့တဲ့ ဆိုဘိုဆလိုင်းဟာ အရသာ၊အာနိသင်နဲ့ မွှေးရနံ့တို့ကြောင့် နာမည်ကြီးတဲ့ ဟန်ဂေရိုးရာ သစ်သီးဘရန်ဒီ Palinkaနဲ့ အောင်ပွဲကို ဂုဏ်ပြုခဲ့တာဖြစ်ပါတယ်။

သို့သော် ယခုပွဲစဉ်ရဲ့ဦးဆောင်ဂိုးကိုတော့ မွန်တီနီဂရိုးက စတင်ရရှိခဲ့တာဖြစ်ပြီး ပွဲကစားချိန် ၃၆ မိနစ်မှာ ရူဘီဇစ်ရဲ့ သွင်းဂိုးနဲ့ အတူ ပထမပိုင်းမှာ ဟန်ဂေရီကို ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်း ၆၆ မိနစ်နဲ့ ၆၈ မိနစ်တွေမှာတော့ အသက်-၂၃ နှစ်အရွယ် လီဗာပူးကြယ်ပွင့် ဆိုဘိုဆလိုင်းက ချေပဂိုးနဲ့ ဦးဆောင်ဂိုးကို ဆက်တိုက်သွင်းယူခဲ့ပြီး ပွဲသိမ်းဂိုးကိုတော့ ၉၀+၃ မိနစ်မှာ နာဂျီက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာ ဂျာမန်ကလပ် လိုက်ပ်ဇစ်မှ လီဗာပူးသို့ ပေါင်သန်း ၆၀ နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဆိုဘိုဆလိုင်းဟာ လီဗာပူးပရိသတ်တွေရဲ့အချစ်တော် ကစားသမားတစ်ဦးဖြစ်ပြီး တောက်ပတဲ့ခြေစွမ်းတွေနဲ့အတူ ကောင်းမွန်တဲ့ ရာသီစတင်မှုကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ပရိသတ်အချို့က ဆိုဘိုဆလိုင်းကို ကလပ်ဂန္ထဝင်ကွင်းလယ်ကစားသမား  စတီဗင်ဂျရတ်နဲ့ နှိုင်းယှဉ်ကြည့်ကြသော်လည်း ကစားသမားကတော့ အဆိုပါနှိုင်းယှဉ်ချက်တွေကို ငြင်းပယ်ခဲ့ပါတယ်။

ကွင်းလယ်လူက “ကျွန်တော်က စတီဗင်ဂျရတ်မဖြစ်ချင်ပါဘူး။ ကျွန်တော်က ကျွန်တော်ပဲဖြစ်ချင်ပါတယ်။ ဒါပေမယ့် သူတို့က ကျွန်တော့်ကို စာချုပ်တစ်ခုပေးပြီး ကျွန်တော့်မှာ တူညီတဲ့ အကျိုးသက်ရောက်မှု ဒါမှမဟုတ်တူညီတဲ့ဘဝ လီဗာပူးမှာ ရှိနေတယ်လို့ပြောရင် ကျွန်တော်ချက်ချင်းပဲလက်မှတ်ထိုးလိုက်မှာပါ” လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလမှာ လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က “ဒွန်(ဆိုဘိုဆလိုင်း)က အသင်းနဲ့ အံ့ဩစရာကောင်းလောက်အောင်ကို လျင်လျင်မြန်မြန်အံဝင်ခွင်ကျဖြစ်ခဲ့တာပါ။ သူကထိပ်တန်းကစားသမားတစ်ဦးပါ။ ဘယ်တော့မှရပ်မနေပါဘူး။ ပွဲထဲကနေလည်း အမြဲတမ်းသင်ယူလေ့လာနေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

#လီဗာပူး #မွန်တီနီဂရိုး ယူရို၂၀၂၄ခြေစစ်ပွဲ #ဆိုဘိုဆလိုင်း