ရှေ့သို့
Image

ဆာဘီးယားနဲ့ စကော့တလန်တို့ ခြေစစ်ပွဲ အောင်မြင်သွားတဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲစဉ်များ

10:06 AM, 20 November

ယမန်နေ့ညနဲ့ ယနေ့နံနက်အစောကပိုင်းက ယှဉ်ပြိုင်ခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲစဉ်တွေမှာ ဆာဘီးယား၊ စပိန်၊ ဘယ်လ်ဂျီယံနဲ့ စကော့တလန်တို့ ခြေစစ်ပွဲ အောင်မြင်သွားခဲ့ကြပါတယ်။

စကော့တလန်ဟာ နော်ဝေကို ၃-၃ နဲ့ သရေကျကာ အုပ်စုဒုတိယနဲ့ ခြေစစ်ပွဲ အောင်မြင်သွားခဲ့တာဖြစ်ပြီး စကော့တလန် အတွက် သွင်းဂိုးတွေကို မက်ဂင်(၁၃ မိနစ်)၊ အိုစတီဂတ်(OG ၃၃ မိနစ်)နဲ့ အမ်းစထရောင်း(၅၉ မိနစ်)တို့က သွင်းယူပေးခဲ့ကာ နော်ဝေအတွက် ဂိုးတွေကိုတော့ ဒွန်နမ်(၃ မိနစ်)၊ လာဆင်(၂၀ မိနစ်)နဲ့ အယ်လ်ယူနူစီ(၈၆ မိနစ်)တို့က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

စပိန်ကတော့ ဂျော်ဂျီယာကို ၃-၁ နဲ့ အနိုင်ယူကာ အုပ်စုပထမနဲ့ နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့တာဖြစ်ပါတယ်။ စပိန်အတွက်ဂိုးတွေကို နော်မန်(၄ မိနစ်)၊ ဖာရန်းတောရက်စ်(၅၅ မိနစ်)နဲ့ လိုချိုရှက်ဗီလီ(၇၂ မိနစ် OG)တို့က သွင်းယူပေးခဲ့ပြီး ဂျော်ဂျီယာအတွက် နှစ်သိမ့်ချေပဂိုး တစ်ဂိုးကိုတော့ ကဗာရက်စကီလီယာ(၁၀ မိနစ်)ကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီက အိုက်စလန်ကို ၂-၀ နဲ့ အနိုင်ယူကာ အုပ်စုပွဲစဉ်အားလုံးကို ရာနှုန်းပြည့်နိုင်ပွဲဖော်ဆောင်နိုင်ခဲ့ပါတယ်။ ပေါ်တူဂီအတွက် ဂိုးတွေကို ဘရူနိုဖာနန်ဒက်စ်(၃၇ မိနစ်)နဲ့ ဟော်တာ(၆၆ မိနစ်)တို့က သွင်းယူပေးခဲ့တာဖြစ်ပြီး အိုက်စလန်ကတော့ သွင်းဂိုးပြန်လည်ရယူနိုင်ခဲ့ခြင်းမရှိပါဘူး။ ယခုနိုင်ပွဲကြောင့် ပေါ်တူဂီအသင်းဟာ ခြေစစ်ပွဲအဆင့် အုပ်စုပွဲစဉ် ၁၀ ပွဲစလုံးကို နိုင်ပွဲရယူနိုင်တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

လူကာကူရဲ့သွင်းဂိုး ၄ ဂိုးနဲ့ အတူ အဇာဘိုင်ဂျန်ကို ၅-၀ နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ ဘယ်လ်ဂျီယံကလည်း အုပ်စုပထမနဲ့ ခြေစစ်ပွဲ အောင်မြင်သွားခဲ့ပြီဖြစ်ပါတယ်။ ဘယ်လ်ဂျီယံရဲ့ သွင်းဂိုးတွေထဲက ၄ ဂိုးကို ပထမပိုင်းမှာပဲ လူကာကူ(၁၇၊ ၂၆၊ ၃၀၊ ၃၇ မိနစ်)ကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးပွဲသိမ်းဂိုးကိုတော့ ပွဲပြီးဆုံးကာနီးမှာ ထရိုဆက်(၉၀ မိနစ်)က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဘူလ်ဂေးရီးယားနဲ့ တစ်ဖက် ၂ ဂိုးစီသရေကျခဲ့သော်လည်း ဆာဘီးယားက အုပ်စုဒုတိယနဲ့ ခြေစစ်ပွဲအောင်မြင်သွားခဲ့ပါတယ်။ ဆာဘီးယားအတွက် ဂိုးတွေကို ဗယ်လ်ကိုဗစ်(၁၇ မိနစ်)နဲ့ ဘာဘစ်(၈၂ မိနစ်) တို့က သွင်းယူပေးခဲ့တာဖြစ်ပြီး ဘူလ်ဂေးရီးယားအတွက် ဂိုးတွေကိုတော့ ရူဆက်ဗ်(၄၉ မိနစ်) နဲ့ ဒက်စ်ပိုဒေါ့ဗ်(၆၉ မိနစ်) တို့ကသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ ရှုံးနိမ့်နေခဲ့တဲ့ ဟန်ဂေရီကတော့ ဒုတိယပိုင်းမှာ ဆိုဘိုဆလိုင်းရဲ့ ဦးဆောင်မှုနဲ့အတူ အကောင်းဆုံး ပြန်လာနိုင်ခဲ့ပြီး မွန်တီနီဂရိုးကို ၃-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဟန်ဂေရီက အတွက်ဂိုးတွေကို ဆိုဘိုဆလိုင်း(၆၆၊ ၆၈ မိနစ်)နဲ့ နာဂျီ(၉၀+၃ မိနစ်)တို့က သွင်းယူပေးခဲ့တာဖြစ်ပြီး မွန်တီနီဂရိုးအတွက်ဂိုးကိုတော့ ရူဘီဇစ်(၃၆ မိနစ်)က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ယခုနိုင်ပွဲကြောင့် ဟန်ဂေရီဟာ ခြေစစ်ပွဲစဉ်တိုင်းမှာ ရှုံးပွဲမရှိတဲ့ရလဒ်နဲ့အတူ အုပ်စုပထမနဲ့ နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။

အခြားပွဲစဉ်တွေမှာတော့ ဆလိုဗက်ကီးယားက ဘော့စနီးယားကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီး လူဇင်ဘတ်က လက်ချ်တင်စတိန်းကို ၁-၀ နဲ့အနိုင်ရရှိခဲ့ပါတယ်။

#ဆာဘီးယား #စကော့တလန် #ဘယ်လ်ဂျီယံ ယူရို၂၀၂၄ခြေစစ်ပွဲ