ရှေ့သို့
Image

ကာမာဗင်ဂါဒဏ်ရာ ရရှိခဲ့တယ်လို့ အတည်ပြုလိုက်တဲ့ ရီးရဲလ်မက်ဒရစ်

2:44 PM, 18 November

ရီးရဲလ်အသင်းကတော့ ကာမာဗင်ဂါတစ်ယောက် ပြင်သစ်အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းရင်း ဒူးဒဏ်ရာရရှိခဲ့တယ်လို့ အအတည်ပြုလိုက်ပါတယ်။


အသက် ၂၁ နှစ်သားရဲ့အခြေအနေဟာ ကနဦးထင်ထားတာထက်ဆိုးဝါးခဲ့တာကြောင့် မက်ဒရစ်ဆီပြန်လာခဲ့ပြီဖြစ်ပါတယ်။ ကြာသပတေးနေ့တုန်းက စပိန်ကိုပြန်လာခဲ့ပြီး ဒီနေ့မနက်အစောပိုင်းမှာ MRI စစ်ဆေးမှုအပြင် အခြားစစ်ဆေးမှုတွေပါပြုလုပ်ခဲ့ကာ ရလဒ်တွေက အပေါင်းလက္ခဏာမဆောင်ခဲ့တာဖြစ်ပါတယ်။


“ဒီနေ့မှာ စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးနောက် ကာမာဗင်ဂါတစ်ယောက် ညာဘက်ဒူးအရွတ်ကြောပြတ်ဒဏ်ရာရခဲ့ပါတယ်”လို့ ရီးရဲလ်အသင်းက  အတည်ပြုခဲ့ပါတယ်။


သတင်းထောက် ရိုဒရီဂွက်ဇ်ရဲ့အဆိုအရ ကာမာဗင်ဂါရဲ့အခြေအနေဟာ အနည်းဆုံး ၈ ပတ်ကနေ ၁၀ ပတ်လောက်အထိ နားရနိုင်တယ်လို့ သိရပါတယ်။ ကနဦးစစ်ဆေးချက်တွေအရ ကာမာဗင်ဂါတစ်ယောက် ၈ ပတ်လောက်နားရနိုင်တယ်လို့ ဖော်ပြခဲ့ကြတာဖြစ်ပါတယ်။


ဆိုလိုတာက ကာမာဗင်ဂါတစ်ယောက် လက်ကျန် ၂၀၂၃ ပွဲစဉ်တွေကို ကန်နိုင်တော့မှာမဟုတ်ပဲ နှစ်သစ်အပြီးမှ ပြန်လာဖွယ်ရှိနေပါတယ်။ ပြင်သစ်သားဟာ ဒဏ်ရာအခြေအနေကြောင့် ကာဒစ်ဇ် ၊ နာပိုလီ ၊ ဂရန်နာဒါ ၊ ဘက်တစ် ၊ ယူနီယံဘာလင် ၊ ဗီလာရီးရဲလ် ၊ အယ်လ်မီးရီးယားစတဲ့ပွဲစဉ်တွေကို လွဲချော်မှာဖြစ်ပါတယ်။


ဒ့ါအပြင် ၂၀၂၄ မှာကန်မယ့် မာယော့ကာနဲ့ပွဲအပြင် ကိုပါဒယ်ရေးပွဲကိုပါ လွဲချော်ဖွယ်ရှိနေပါတယ်။ သို့ပေမယ့် တီကိုနဲ့ စပိန်စူပါဖလားဆီမီးဖိုင်နယ်ပွဲမှာတော့ ပါဝင်လာနိုင်ချေရှိနေပါတယ်။

#လာလီဂါ #ရီးရဲလ်မက်ဒရစ် #ကာမာဗင်ဂါ