ရှေ့သို့
Image

ဒူးဒဏ်ရာ စစ်ဆေးမှုပြုလုပ်ဖို့ ပြင်သစ်လက်ရွေးစင် အသင်းကနေ နှုတ်ထွက်တော့မယ့် ကာမာဗင်ဂါ

3:04 PM, 16 November

ပြင်သစ်လက်ရွေးစင် ကွင်းလယ်လူ ကာမာဗင်ဂါဟာ ယမန်နေ့က လေ့ကျင်းရေးကွင်းမှာ ဒူးဒဏ်ရာ ရရှိခဲ့ပြီး စစ်ဆေးဖို့လိုအပ်နေတာကြောင့် အသင်းမှ နှုတ်ထွက်ပြီး ရီးရဲလ်မက်ဒရစ်သို့ ယနေ့မှာပဲ ပြန်လာတော့မယ်လို့သိရပါတယ်။

ကွင်းလယ်လူဟာ ဒဏ်ရာအတိမ်အနက်ကို သိရှိနိုင်ဖို့အတွက် ကလပ်ရဲ့လေ့ကျင့်ရေးစခန်းသို့ပြန်လည် ရောက်ရှိလာမှာဖြစ်ပြီး ဆေးစစ်မှုတွေနဲ့ ဓာတ်မှန်ရိုက်ခြင်းတွေပြုလုပ်ရမှာဖြစ်ပါတယ်။ အသက်-၂၁ နှစ်အရွယ် ကစားသမားဟာ ပြင်သစ်ရှိ လေ့ကျင့်ရေးကွင်းတစ်ခုထဲမှာ ပီအက်စ်ဂျီတောင်ပံကစားသမား ဒမ်ဘီလီနဲ့ ထိခိုက်ခဲ့တာဖြစ်ပြီး လေ့ကျင့်ရေးပြီးဆုံးတဲ့အထိ လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိပါဘူး။

ESPN ရဲ့သတင်းရင်းမြစ်တွေအရ ကာမာဗင်ဂါဟာ မျက်နှာရှုံ့မဲ့ကာ ကွင်းထဲမှ ထွက်သွားခဲ့ရပြီး အသင်းရဲ့ဝန်ထမ်းတွေကို ဒူးခေါင်းလည်သွားကြောင်း ပြောကြားခဲ့တယ်လို့သိရပါတယ်။ ပထမအကြိမ်စစ်ဆေးမှုမှာ ဒဏ်ရာအခြေအနေဟာ အပေါင်း လက္ခဏာဆောင်ခဲ့ပြီး ကစားသမားကိုယ်တိုင်ကလည်း အဆင်ပြေတယ်လို့ ခံစားခဲ့ရသော်လည်း ဒုတိယအကြိမ် စစ်ဆေးမှုမှာတော့ ဒဏ်ရာပြင်းထန်တာကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။

နောက်ထပ်ပြင်သစ်ကွင်းလယ်လူတစ်ဦးဖြစ်တဲ့ ချူအာမာနီကို လက်လွှတ်ထားရတဲ့ ရီးရဲလ်မက်ဒရစ်အနေနဲ့ ယခုအခါမှာတော့ ကာမာဗင်ဂါရဲ့ဒဏ်ရာကို မပြင်းထန်ဖို့မျှော်လင့်နေပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ ၂၅ ရက်အတွင်း ပွဲစဉ် ၇ ပွဲအထိ ကစားရဖို့ရှိနေပြီး လာမယ့် နိုဝင်ဘာ ၂၅ ရက်နေ့မှာတော့ လာလီဂါပွဲစဉ်အဖြစ် ကာဒစ်ဇ်ကို အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

လက်ရှိလာလီဂါအမှတ်ပေးဇယားမှာ ရီးရဲလ်မက်ဒရစ်ဟာ ဒုတိယနေရာမှာရပ်တည်နေပြီး ချန်ပီယံလိဂ်မှာလည်း ရာနှုန်းပြည့်နိုင်ပွဲဖော်ဆောင်ထားနိုင်တာကြောင့် အုပ်စုအဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ လာမယ့်စနေနေ့မှာတော့ ပြင်သစ်အသင်းဟာ ၂၀၂၄ ယူရိုခြေစစ်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ ဂျီဘရော်တာနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး နောက် ၃ ရက် အကြာမှာတော့ အဝေးကွင်းမှာ ဂရိကို သွားရောက်ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

သို့သော်ပြင်သစ် အသင်းဟာ ပွဲစဉ်တိုင်းကို အနိုင်ယူထားပြီးဖြစ်တာကြောင့် ယူရိုခြေစစ်ပွဲအောင်မြင်ပြီးဖြစ်ပါတယ်။

#လာလီဂါ #ပြင်သစ် #ရီးရဲလ်မက်ဒရစ် #ကာမာဗင်ဂါ