ရှေ့သို့
Image

အာဂျင်တီးနားနဲ့ ပွဲစဉ်မှာ ဘရာဇီးအသင်းအတွက် ပါဝင်လာနိုင်ချေရှိတဲ့ ဂျီးဆပ်

9:42 AM, 16 November

ဒဏ်ရာပြဿနာကြောင့် အာဆင်နယ်ရဲ့ပွဲစဉ်အချို့ကို လွဲချော်ခဲ့ရတဲ့ တိုက်စစ်မှူး ဂါဘရီရယ်ဂျီးဆပ်ဟာ အာဂျင်တီးနားနဲ့ ယှဉ်ပြိုင်မယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ ဘရာဇီးအသင်းအတွက် ပါဝင်လာနိုင်ချေရှိတယ်လို့ ဘရာဇီးနည်းပြ ဖာနန်ဒိုဒီနိဇ်က အရိက်အမြွက်ပြောကြားလာခဲ့ပါတယ်။

အသက်-၂၆ နှစ်အရွယ် ကစားသမားဟာ တံကောက်ကြော ဒဏ်ရာကြောင့် ဆီဗီလာနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပါဝင်နိုင်ခဲ့ခြင်းမရှိသော်လည်း ဘရာဇီးလက်ရွေးစင် အသင်းမှာတော့ ရွေးချယ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ ယခုလအစောပိုင်းက အာဆင်နယ်နည်းပြ အာတီတာက ကစားသမားဟာ ဒဏ်ရာပြဿနာကြောင့် ရက်သတ္တပတ်အနည်းငယ် အနားယူရနိုင်ကြောင်း ကြေညာခဲ့သော်လည်း ယခုအခါ အာဂျင်တီးနားနဲ့ပွဲစဉ်မှာ ပါဝင်လာဖို့ အလားအလာရှိနေတာဖြစ်ပါတယ်။

ဒဏ်ရာပြဿနာမှ လျင်မြန်စွာသက်သာလာပြီး ဘရာဇီးအသင်းနဲ့ ပြန်လည်ပူးပေါင်းနိုင်ခဲ့တဲ့ ဂျီးဆပ်ဟာ မနက်ဖြန်မှာ ယှဉ်ပြိုင်ကစားမယ့် ကိုလံဘီယာနဲ့ပွဲစဉ်ကိုတော့ လွဲချော်သွားဖို့ရှိနေပါတယ်။ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ဒီနိဇ်က ကစားသမား အနေနဲ့ ကြံ့ခိုင်ရေးစစ်ဆေးမှုများကို အောင်မြင်မယ်ဆိုပါက အာဂျင်တီးနားနဲ့ ပွဲစဉ်မှာ ထည့်သွင်းကစားသွားဖို့ ဆုံးဖြတ်သွားမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒီနိဇ်က "ကျွန်တော်စိုးရိမ်တာက ဂါဘရီရယ်ပါ။ အကြောင်းအမျိုးမျိုးကြောင့် သူ့ကိုရွေးချယ်ခဲ့ပြီး ဒါကသူ့အတွက် အရေးကြီးပါတယ်။ သူက ဥရုဂွေးနဲ့ ပွဲစဉ်မှာ ကျွန်တော်တို့သတ်မှတ်ထားတဲ့ စံနှုန်းထက် နိမ့်ကျတဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့ပေမယ့် အသင်းအတွက် အပြုသဘောဆောင်တဲ့ သက်ရောက်မှုတွေကို ပြုလုပ်နိုင်ခဲ့တဲ့ ကစားသမားတစ်ဦးပါ။ အဲဒီပွဲက ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပေမယ့် ဂါဘရီရယ်က ကောင်းကောင်းကစားနိုင်ခဲ့ပြီး တစ်ဦးချင်း စွမ်းဆောင်ရည်ကောင်းတွေလည်း ပြသနိုင်ခဲ့ပါတယ်။ သူ့ကို ကျွန်တော်တို့ ယုံကြည်ပြီး သူဒီမှာရှိနေတာကို ကျေနပ်ပါတယ်။ ဒီကိုလာတာ သူ့မှာအစီအစဉ်ရှိပြီးသားပါ။ သူက ကစားဖို့အဆင်သင့်ဖြစ်နေပြီး ကောင်းမွန်တဲ့ လုပ်ဆောင်ချက်တွေကို လုပ်ခဲ့ပြီးဖြစ်တယ်လို့ ကျွန်တော့်ကို ပြောပါတယ်။ သူကနှစ်ပတ်လောက် ပွဲနဲ့ဝေးကွာခဲ့ရတယ်လို့ ကျွန်တော်ကပြောတော့ စွန့်စားမှုလုပ်ရတာကို စိတ်ဝင်စားတယ်ဆိုလို့ ရွေးချယ်ခဲ့တာပါ။ သူ‌အခြေအနေကောင်းပါတယ်။ ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ ဂရုစိုက်မှုလည်းရှိပြီးသားပါ။ ကျွန်တော်တို့သူ့ကို အရမ်းဂရုစိုက်ထားပါတယ်။ အခြေအနေကောင်းရင် အာဂျင်တီးနားနဲ့ပွဲမှာ ပါဝင်နိုင်မှာပါ။ သူ့အနေနဲ့ ဒီရောက်ကာစအခြေအနေထက် ပိုကောင်းတဲ့ အခြေအနေနဲ့ အာဆင်နယ်ကို ပြန်နိုင်ပါလိမ့်မယ်"လို့ ပြောကြားခဲ့ပါတယ်။

ဒေးလီးမေးလ်ရဲ့အဆိုအရ အာဆင်နယ်ကတော့ ဂါဘရီရယ်ရဲ့ ဒဏ်ရာအခြေအနေကိုစိုးရိမ်နေပြီး ဘရာဇီးအသင်းက ၎င်းတို့ရဲ့ စိုးရိမ်မှုတွေကို လျစ်လျူရှုမှာကို မလိုလားဘူးလို့သိရှိရပါတယ်။ အာဆင်နယ်ဟာ ကစားသမားကို ပြန်လည်ကုသနိုင်ဖို့ ဘရာဇီးသို့မပြန်‌စေဘဲ အင်္ဂလန်မှာပဲ ဆက်လက်ထားရှိချင်နေတာဖြစ်တယ်လို့လည်း ဖော်ပြခဲ့ပါတယ်။

#ဘရာဇီး #အာဂျင်တီးနား #ဂျီးဆပ်