ရှေ့သို့
Image

ယူနိုက်တက် စီအီးအိုရာထူးကနေ နုတ်ထွက်ခဲ့ပြီဖြစ်တဲ့ ရစ်ချက်အာနိုးလ်

8:31 AM, 16 November

ယူနိုက်တက်အသင်းကတော့ ရစ်ချက်အာနိုးလ်တစ်ယောက် အမှုဆောင်ရာထူးကနေ နုတ်ထွက်ခဲ့ပြီဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။

၂၀၀၇ ခုနှစ်ကတည်းက အာနိုးလ်ဟာ ၂၀၁၃ မှာ စီအီးအိုရာထူးကို မပြောင်းခင် စီးပွားရေးဆိုင်ရာဒါရိုက်တာအဖြစ် စတင်တာဝန်ယူခဲ့တာဖြစ်ပါတယ်။ ၂၀၂၂ ဖေဖော်ဝါရီမှာ ယူနိုက်တက်အမှုဆောင် ဝုဝါ့တ်တစ်ယောက် ဒုဥက္ကဌရာထူးကနေ နုတ်ထွက်ခဲ့ပြီးနောက် အာနိုးလ်က တာဝန်ယူခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ ရာထူးကနေ နုတ်ထွက်ခဲ့ပြီလို့ ယူနိုက်တက်က အတည်ပြုခဲ့ပါတယ်။

“ရစ်ချက်အာနိုးလ်ဟာ အသင်းအတွက် ၁၆ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ရာထူးကနေ နုတ်ထွက်ခဲ့ပါပြီ။ ပက်ထရစ်စတီးဝက်တ်က ယာယီစီအီးအိုအဖြစ် တာဝန်ဆက်ယူမှာပါ။  ရစ်ချက်အတွက်တော့ ဒီဇင်ဘာမကုန်ခင်အထိ ဆက်လက်ထောက်ပံ့ပေးသွားမှာပါ။ စီအီးအိုရာထူးအတွက်လည်း အမြဲတမ်းစီအီးအိုခန့်အပ်ဖို့  ရှာဖွေသွားမှာပါ”လို့ ယူနိုက်တက်အသင်းက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အာနိုးလ်ကလည်း “ယူနိုက်တက်လိုမျိုးအသင်းမှာ ၁၆ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ရတာက တကယ့်ကိုကြီးမားတဲ့ ဆုလာဘ်ပါ။ အနိမ့်အမြင့် အတက်အကျတွေတစ်လျှောက်လုံးမှာ ကျွန်တော်တို့ ဝန်ထမ်းတွေနဲ့ ပရိသတ်တွေက အားပေးခဲ့ကြပါတယ်။ သူတို့ရဲ့သစ္စာရှိမှုနဲ့ အသင်းအပေါ်အပြည့်အဝအာရုံစိုက်မှုတွေ အတွက် အားလုံးကို ကျေးဇူးတင်ချင်ပါတယ်။ ပြီးတော့ အသင်းမှာရှိတဲ့သူတွေလည်း အနာဂတ်မှာ အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အာနိုးလ် #ပရီးမီးယားလိဂ်