ရှေ့သို့
Image

ချဲလ်ဆီးအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုနိုင်မယ်လို့ ယုံကြည်နေတဲ့ ဂယ်လာဟာ

1:41 PM, 15 November

ချဲလ်ဆီးကွင်းလယ်လူ ဂယ်လာဟာက ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့က အသင်းမှ ထွက်ခွာဖို့ အလွန်နီးစပ်ခဲ့သော်လည်း ယခုအခါမှာတော့ စာချုပ်သစ် ချုပ်ဆိုဖို့ ယုံကြည်ချက်ရှိနေတယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။

နွေရာသီမှာ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၁၅ သန်းနဲ့ ဘရိုက်တန်ကွင်းလယ်လူ ကိုင်စီဒိုကို ခေါ်ယူခဲ့ပြီး အန်ဇိုဖာနန်ဒက်စ်ကိုခေါ်ယူထားခဲ့တဲ့ ပေါင် ၁၀၇ သန်းတန် စံချိန်တင်ပြောင်းရွှေ့ကြေးကို တစ်နှစ်အတွင်း ချိုးဖျက်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးဟာ ကွင်းလယ်ပိုင်းကို ထပ်မံအားဖြည့်ဖို့ ယူဂိုချူကူနဲ့ ရိုမီရိုလာဗီယာတို့ကိုလည်းထပ်မံခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ချဲလ်ဆီးရဲ့ ကွင်းလယ်ပိုင်းဟာ လိုအပ်ချက်ထက်ပိုလျှံနေခဲ့ပြီး ဂယ်လာဟာက အသင်းကနေထွက်ခွာဖို့နီးစပ်ခဲ့တာြဖစ်ပါတယ်။

အသက်-၂၃ နှစ်အရွယ် ဂယ်လာဟာကို တော့တင်ဟမ်၊ အဲဗာတန်နဲ့ အခြားပရီးမီးယားလိဂ်ကလပ်များစွာက ချိတ်ဆက်မှုတွေပြုလုပ်ခဲ့ပြီး ချဲလ်ဆီးအသင်းကလည်း ကစားသမားကို ပေါင်သန်း ၄၀ တန်ဖိုး သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။ သို့သော် နောက်ပိုင်းမှာတော့ ပိုချက်တီနိုက အသင်းရဲ့ အကယ်ဒမီကစားသမားကို ဆက်လက်ထိန်းသိမ်းဖို့ ဆုံးဖြတ်ခဲ့ပြီး ယခုမှာတော့ ကစားသမားဟာ အံ့မခန်းခြေစွမ်းတွေကိုပြသကာ ထက်မြက်တဲ့ စွမ်းဆောင်ရည်တွေနဲ့ အတူ အသင်းအတွက် အရေးပါတဲ့ကစားသမားအဖြစ် ရပ်တည်လာနိုင်ခဲ့တာဖြစ်ပါတယ်။

ဂယ်လာဟာနဲ့ ချဲလ်ဆီးတို့ရဲ့လက်ရှိစာချုပ်ဟာ ၁၈ လသာ ကျန်ရှိတော့ပြီး ကစားသမားက စတန်းဖို့ဒ်ဘရစ်ချ်မှာ ဆက်လက်နေထိုင်ဖို့ စာချုပ်သစ်ချုပ်ဆိုနိုင်မယ်လို့ ယုံကြည်နေပြီး ကွင်းလယ်မှာ နေရာရဖို့ ပြိုင်ဆိုင်မှုတွေရှိနေတာက ၎င်းကို ပိုကောင်းတဲ့ ကစားသမားဖြစ်လာစေတယ်လို့ ဆိုပါတယ်။

ကွင်းလယ်လူက “ကျွန်တော် စာချုပ်ချုပ်နိုင်မှာသေချာပါတယ်။ ချဲလ်ဆီးက ကျွန်တော့်အသင်းဖြစ်ပြီး ဒီအသင်းအတွက် ကစားရတာကို ကျွန်တော် ဘယ်လောက်ကြိုက်လဲဆိုတာ လူတိုင်းသိပါတယ်။ ပရိသတ်တွေကလည်း ကျွန်တော့်ကို သဘောကျတာကြောင့် အသင်းမှာဆက်ရှိနေမှာသေချာပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ၎င်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီး လှုပ်လှုပ်ရှားရှားဖြစ်ခဲ့တဲ့ ထင်ကြေးပေးမှုတွေနဲ့ ပတ်သက်ပြီး ဂယ်လာဟာက “နွေရာသီတုန်းက ချဲလ်ဆီးအသင်းရဲ့ ကစားသမား အဝင်အထွက်တွေက ရူးချင်စရာပါပဲ။ ကျွန်တော် မန်နေဂျာနဲ့ စကားပြောဖြစ်တော့ သူကကျွန်တော့်ကို သဘောကျပြီး သူ့ရဲ့အစီအစဉ်တွေမှာ ထည့်သွင်းထားတယ်လို့ ပြောပြခဲ့လို့ ကျွန်တော်ပျော်ရွှင်မိပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး နွေရာသီအပြောင်းအရွှေ့ကာလတုန်းက နေရာပျောက်မှာကို ကြောက်ရွံ့ခဲ့လားလို့ မေးမြန်းခဲ့ရာ ကစားသမားက “ကြောက်တာပေါ့။ မကြောက်ဘူးလို့ပြောရင် လိမ်ရာကျပါလိမ့်မယ်။ ထိပ်တန်းကစားသမားတွေက ကျွန်တော့်နေရာကို ရောက်လာတဲ့အခါမှာ ကျွန်တော့်အနေနဲ့ ကစားခွင့်နည်းသွားမယ်လို့ ထင်ခဲ့ပါတယ်။ အဲဒါက ကျွန်တော့်ကို ပိုကောင်းစေခဲ့ပြီး မန်နေဂျာကို ကျွန်တော်က ကစားဖို့ထိုက်တန်တယ်ဆိုတာ သက်သေပြနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ပြိုင်ဆိုင်မှုကတော့ အမြဲတမ်းရှိနေမှာပါ။ လွန်ခဲ့တဲ့ ၂၀-၂၅ နှစ်အတွင်း ကမ္ဘာ့အကောင်းဆုံးအသင်းအဖြစ် ရပ်တည်လာတဲ့ ချဲလ်ဆီးလိုအသင်းမှာ ဒီလိုပြိုင်ဆိုင်မှုတွေကရှိနေရမှာပါ။ ကျွန်တော်စိတ်လှုပ်ရှားနေတုန်းပါပဲ။ ဒါပေမယ့် ကျွန်တော်ကဒီအသင်းမှာကစားဖို့ လုံလောက်တဲ့ အရည်အချင်းရှိတယ်ဆိုတာ မန်နေဂျာကို သက်သေပြဖို့ အဆင်သင့်ရှိနေတယ်ဆိုတာ သေချာဖို့လိုပါတယ်” လို့ပြောကြားခဲ့ပါတယ်။

#ချဲလ်ဆီး #ဂယ်လာဟာ #ပရီးမီးယားလိဂ်