ရှေ့သို့
Image

မက်ဇ်ဇာရီကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်တဲ့ နာပိုလီ

9:31 AM, 15 November

စီးရီးအေ လက်ရှိချန်ပီယံနာပိုလီက ရူဒီဂါစီယာကို အသင်းနည်းပြရာထူးမှ ဖယ်ရှားကာ မက်ဇ်ဇာရီကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။ ဒါကြောင့် ရူဒီဂါစီယာဟာ နာပိုလီနည်းပြအဖြစ် ငါးလသာ တာဝန်ယူခဲ့ရပြီး သူ့ရဲ့နေရာမှာ အသက်-၆၂ နှစ်အရွယ် ဝါရင့်နည်းပြကြီးက အစားထိုးတာဝန်ယူသွားပါလိမ့်မယ်။

လက်ရှိမှာ စီးရီးအေချန်ပီယံတွေက လိဂ် ၁၂ ပွဲမှာ ခြောက်ပွဲသာ အနိုင်ရရှိပြီး အမှတ်ပေးဇယားထိပ်ဆုံး နေရာရှိ အင်တာမီလန်နဲ့ ၁၀ မှတ်အကွာမှာ ရပ်တည်နေကာ လက်ရှိချန်ပီယံဘွဲ့ကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ရုန်းကန်နေရပါတယ်။

နာပိုလီအသင်းရဲ့သတင်းထုတ်ပြန်ချက်မှာတော့ “ဝေါ်လ်တာမက်ဇ်ဇာရီက နာပိုလီနည်းပြသစ် ဖြစ်လာပါပြီ။ ကြိုဆိုပါတယ်”လို့ပဲ အကျဉ်းရုံးဖော်ပြခဲ့ပါတယ်။ မက်ဇ်ဇာရီက နာပိုလီအသင်းကို ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ ကိုင်တွယ်ခဲ့ခြင်းအပါအဝင် စီးရီးအေ အတွေ့အကြုံရင့်နည်းပြတစ်ဦးလည်း ဖြစ်ပါတယ်။

သူ့ရဲ့ပထမအကြိမ်နာပိုလီနည်းပြ သက်တမ်းအတွင်း အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့် ရရှိခဲ့သလို နောက်ဆုံး ကိုင်တွယ်ခဲ့တဲ့ ဘောလုံးရာသီမှာလည်း စီးရီးအေ ပြိုင်ပွဲမှာ ဒုတိယနေရာနဲ့ ကိုပါအီတာလီယာဖလား ချန်ပီယံဆုတို့ကို ရယူနိုင်ခဲ့ပါတယ်။

#စီးရီးအေ #ဂါစီယာ #နာပိုလီ #မက်ဇ်ဇာရီ