ရှေ့သို့
Image

ယူနိုက်တက်သို့ ပြန်လည် ရောက်ရှိလာတော့မယ်လို့ သတင်းထွက်ပေါ်ခဲ့ပေမယ့် စပိန်ဒုတိယတန်းကလပ်တစ်ခုစီသာ ရောက်ရှိဖို့နီးစပ်နေတဲ့ ဒီဂီယာ

9:28 AM, 15 November

မန်ချက်စတာယူနိုက်တက် ဂိုးသမားဟောင်း ဒေးဗစ်ဒီဂီယာဟာ အသင်းဟောင်းသို့ ပြန်လည် ရောက်ရှိတော့မယ်လို့ သတင်းများထွက်ပေါ်ခဲ့သော်လည်း ယခုအခါမှာတော့ စပိန်ဒုတိယတန်း ကလပ်တစ်ခုစီကိုသာ ရောက်ရှိဖို့နီးစပ်နေတာ ဖြစ်ပါတယ်။

အသက်-၃၃ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့ရာသီက ယူနိုက်တက်မှာ ရွှေလက်အိတ်ဆုကို ဆွတ်ခူးခဲ့သော်လည်း ယူနိုက်တက်က ကစားသမားကို စာချုပ်သက်တမ်း ဆက်လက်တိုးမြှင့်ခြင်းမရှိတော့တာကြောင့် ပြီးခဲ့တဲ့ဇူလိုင်လက အိုးလ်ထရက်ဖို့ဒ်မှ ထွက်ခွာလာခဲ့တာဖြစ်ပါတယ်။ သို့သော် မကြာသေးမီ ရက်သတ္တပတ်များအတွင်း လက်ရှိယူနိုက်တက် ဂိုးသမား အန်ဒရေအိုနာနာရဲ့ ရုန်းကန်နေရတဲ့အခြေအနေတွေကြောင့် ဒီဂီယာဟာ အိုးလ်ထရက်ဖို့ဒ်သို့ပြန်လည် ရောက်ရှိဖို့ ချိတ်ဆက်မှုတွေပြုလုပ်လာခဲ့ပါတယ်။

ယခုအခါမှာတော့ ဒီဂီယာဟာ စပိန်ဒုတိယတန်းကလပ်တစ်ခုမှ အကြီးအကဲတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးနောက် စပိန်မြေသို့သာ ခြေချသွားဖို့မျှော်မှန်းထားပုံရပါတယ်။ MARCA ရဲ့အဆိုအရ ဒီဂီယာဟာ စပိန်ဒုတယတန်းကလပ် အယ်လ်ဒန့်စ်သို့ပြောင်းရွှေ့ဖို့ အလားအလာရှိနေတယ်လို့သိရပါတယ်။

သို့သော်လည်း နောက်ထပ် ဖော်ပြချက်တွေမှာတော့ ဒီဂီယာဟာ အဆိုပါကလပ်မှာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ဖို့ ယခုလို ကလပ်အကြီးအကဲတွေနဲ့ တွေ့ဆုံခဲ့တာဖြစ်နိုင်တယ်လို့ဆိုပါတယ်။ အယ်လ်ဒန့်စ်ကလပ် ဥက္ကဌ ပါစကူရယ်ဟာ မကြာသေးမီက အသင်းရဲ့ရှယ်ယာအများစုကိုရောင်းချဖို့ ရည်ရွယ်ချက်ရှိနေကြောင်း ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။

ပါစကူရယ်ဟာ အယ်လ်ဒန့်စ်ကို စပိန်စတုတ္ထတန်းအဆင့်မှ ယခုလို ဒုတိယတန်းအဆင့်သို့ ၃ နှစ်အတွင်း ရောက်ရှိအောင်ကူညီပေးပြီးနောက် ဘောလုံးလောကမှ အနားယူတော့မှာဖြစ်တယ်လို့ သိရပါတယ်။ အယ်လ်ဒန့်စ်ဟာ အရှိန်အဟုန်နဲ့ တိုးတက်လာပြီး အထင်ကြီးလောက်စရာ အနေအထားကို ပိုင်ဆိုင်ထားပေမယ့် ယခုလို ပရီးမီးယားလိဂ် ရွှေလက်အိတ်ဆုရှင် ဒီဂီယာကို အရခေါ်ယူနိုင်ခဲ့မယ်ဆိုပါက အံ့အားသင့်စရာပြောင်းရွှေ့မှုတစ်ခုဖြစ်ပေါ်လာမှာ ဖြစ်ပါတယ်။

အယ်လ်ဒန့်စ်အပြင် လာလီဂါကလပ် ရီးရဲလ်ဘက်တစ်ကလည်း ဒီဂီယာကိုခေါ်ယူဖို့ ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်လို့ သတင်းများ ထွက်ပေါ်လာပါတယ်။ ဒီဂီယာကို စိတ်ဝင်စားနေတဲ့ နောက်ထပ်လာလီဂါအသင်းတွေထဲမှာ ဆီဗီလာကလည်း တစ်သင်းအပါအဝင်ဖြစ်ပါတယ်။

တစ်ချိန်တည်းမှာပဲ ယူနိုက်တက်ပရိသတ်တွေကလည်း ပြီးခဲ့တဲ့နွေရာသီက အိုးလ်ထရက်ဖို့ဒ်မှ မထင်မှတ်ဘဲ ရုတ်တရက်ထွက်ခွာသွားခဲ့တဲ့ စပိန်သားကို ကလပ်ထံ ပြန်လည်ပြောင်းရွှေ့ဖို့ တောင်းဆိုခဲ့ကြပါတယ်။ ပြီးတဲ့ အင်္ဂါနေ့က ယူနိုက်တက်ရဲ့ တရားဝင်အကောင့်မှ တစ်ဆင့် တွစ်တာမှာမျှဝေခဲ့တဲ့ ပို့စ်တစ်ခုအောက်မှာ ပရိသတ်တွေက ဒီဂီယာကို ပြန်လည်ခေါ်ယူဖို့ တောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

ပရိသတ်တွေက “ဒီဂီယာကို အရမ်းလွမ်းတယ်” ၊ “ဒေးဗစ်ဒီဂီယာက ဆာအဲလက်စ်ဖာဂူဆန်ရဲ့ အကြီးမြတ်ဆုံးအမွေအနှစ်ပါ”၊ ဒီဂီယာက  အိုနာနာထက်ပိုကောင်းတယ်” စသည်ဖြင့် မှတ်ချက်ပြုခဲ့ကြတာဖြစ်ပါတယ်။

ဒီဂီယာဟာ ယူနိုက်တက်ရဲ့ ဂန္ထဝင်ကစားသမားတစ်ဦးအဖြစ် ယူဆလို့ရပြီး ယခုချိန်အထိ ယူနိုက်တက် အသင်းဖော်ဟောင်းတွေနဲ့လည်း ရင်းနှီးနေဆဲဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဒီဂီယာ #ပရီးမီးယားလိဂ်