ရှေ့သို့
Image

လီဗာပူးဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် စီးတီးကို စိန်ခေါ်နိုင်တယ်လို့ ဗန်ဒိုက် အခိုင်အမာဆို

8:52 AM, 15 November

လီဗာပူးနောက်ခံလူ ဗန်ဒိုက်က မိမိတို့လူငယ်အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် စီးတီးကို စိန်ခေါ်နိုင်တယ်လို့ အခိုင်အမာ ပြောကြားလိုက်ပေမယ့် မိမိတို့အသင်းအနေနဲ့ ကံကောင်းမှုတော့ လိုအပ်တယ်လို့ ဆိုလိုက်ပါတယ်။ သူတို့ ၂ သင်းဟာ နိုင်ငံတကာရက်သတ္တပတ်အပြီး အီတီဟက်မှာ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ၁၂ ပွဲ ကစားအပြီးမှာ မန်စီးတီးရဲ့နောက် ၁ မှတ်အကွာ အဆင့် ၂ နေရာမှာ ရပ်တည်နေကာ မန်စီးတီးကို အနိုင်ရခဲ့ရင် အဆင့် ၁ နေရာကို သိမ်းပိုက်နိုင်မှာ ဖြစ်ပါတယ်။ လီဗာပူးအသင်းခေါင်းဆောင် ဗန်ဒိုက်က ပွဲအများကြီးကန်ဖို့ ကျန်နေသေးပေမယ့် လီဗာပူးအသင်းဟာ ထိပ်ဆုံး ၄ သင်း နေရာအတွက်ပဲ အာရုံစိုက်နေရဆဲလို့ ဆိုပါတယ်။

၃ ပွဲဆက်အနိုင်ရပြီးနောက် လီဗာပူးအသင်းဟာ စီးတီးကိုရပ်တန့်နိုင်မလားဆိုတဲ့အပေါ် ဗန်ဒိုက်က “ကျွန်တော် မျှော်လင့်ပါတယ်။ အဝတ်လဲခန်းထဲကိုကြည့်လိုက်ရင် ကျွန်တော်တို့က ယူ - ၂၃ အောက်တွေလို့ ခံစားရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ အရည်အချင်းရှိနေဆဲပါ။ မင်းအနေနဲ့ လုံလောက်တဲ့ရင့်ကျက်မှုတော့ရှိရပါမယ်။ ကျွန်တော်တို့ ဆက်စောင့်ကြည့်ဖို့ လိုသလို ကံကောင်းဖို့လည်း လိုအပ်ပါတယ်။ ဒဏ်ရာပြဿနာမရှိပဲ တည်ငြိမ်ဖို့လည်း လိုအပ်ပါတယ်။ တစ်ရာသီလုံးကောင်းကောင်းလုပ်နိုင်ခဲ့ရင် အဆင်ပြေနိုင်ပါတယ်။ ဒါပေမယ့် ဒီရာသီက နိုဝင်ဘာမှာ အဆုံးအဖြတ်ပေးတာမဟုတ်ပဲ အလှည့်အပြောင်းတွေဖြစ်လာနိုင်ပါတယ်။ အဲ့တာကို ကျွန်တော်တို့ သိပါတယယ်။ ရှေ့လာမယ့်ပွဲတွေကို တစ်ပွဲချင်းအာရုံစိုက်ဖို့ လိုအပ်ပါတယ်”လို့ ဗန်ဒိုက်က ပြောကြားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ တနင်္ဂနွေနေ့တုန်းက အလစ္စတာ ၊ ရောဘတ်ဆန် ၊ ကိုနာတေး ၊ ဂိုမက်ဇ် ၊ ဂရာဗန်ဘာ့ဂျ် ၊ ကာတစ်ဂျုံးစ် ၊ သီယာဂို ၊ ဘာဂျေတစ်တို့မပါပဲကန်ခဲ့ရတာဖြစ်ပါတယ်။ ဆိုလိုတာက အရန်ခုံကို လူူငယ်တွေနဲ့ အားဖြည့်ခဲ့ရပြီး လူငယ်ကစားသမား မက်ကော်နယ်လည်း ပါဝင်လာခဲ့ပါတယ်။ ဒါပေမယ့် ဗန်ဒိုက်က လူတန်တောင်းကို သရေနဲ့ တူးလော့စ်ကို အရေးနိမ့်ခဲ့ပြီးနောက် အကောင်းဆုံးပြန်လည်တုံ့ပြန်နိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ ပြန်လာနိုင်ဖို့ လိုအပ်ခဲ့သလို စွမ်းဆောင်ရည်ကောင်းပြသဖို့လည်း လိုအပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂ ပွဲတုန်းက ရလဒ်ဆိုးခဲ့တာကြောင့် ဘရန့်ဖို့ဒ်နဲ့ပွဲမှာ ပြန်လာနိုင်ဖို့ လိုအပ်ခဲ့တာပါ။ ကျွန်တော်တို့ အခွင့်အရေးတစ်ကြိမ်ကနေ တစ်ဂိုးရခဲ့ပါတယ်။ အဲ့တာက လုံးဝခြားနားခဲ့ပါတယ်။ လူတန်တောင်း၊ တူးလော့စ်နဲ့ ပွဲတွေက ဆိုးဝါးခဲ့သလို ဒဏ်ရာပြဿနာတွေလည်း များခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ တနင်္ဂနွေနေ့ပွဲမှာ ပြန်လာနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်အနည်းငယ်က ဒဏ်ရာပြဿနာတွေရှိခဲ့ပြီး သူတို့မပါပဲကန်ခဲ့ရတာပါ။ အဲ့တာက ကျွန်တော်တို့အတွက် ခက်ခဲပါတယ်။ အချို့ကစားသမားတွေက ပြန်လာနိုင်ဖို့ အချိန်ယူရပါဦးမယ်။ စီးတီးနဲ့ပွဲက ကြီးမားတဲ့ပွဲပါ။ သိသိသာသာပြောရရင် အီတီဟက်က အမြဲတမ်းခက်ခဲပါတယ်။ နိုင်ငံတကာရက်သတ္တပတ်မတိုင်ခင် ရလဒ်ကောင်းခဲ့သလို အပေါင်းလက္ခဏာဆောင်တဲ့ ခံစားချက်နဲ့ အဆုံးသတ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ စီတီးနဲ့ ပွဲမှာလည်း ရလဒ်ကောင်းယူနိုင်ဖို့ ကြိုးစားသွားမှာပါ”လို့ ဗန်ဒိုက်က ထပ်လောင်းပြောကြားခဲ့ပါတယ်။

#လီဗာပူး #မန်စီးတီး #ဗန်ဒိုက် #ပရီးမီးယားလိဂ်