အာတီတာရဲ့ဂိုးသမားကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်လိုက်တဲ့ အာရွန်ရမ်စ်ဒေးလ်ရဲ့ဖခင်
8:38 AM, 15 November
အာဆင်နယ်ဂိုးသမား အာရွန်ရမ်စ်ဒေးလ်ရဲ့ဖခင်ဖြစ်သူက အာတီတာရဲ့ဂိုးသမားကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်လိုက်ကာ စပိန်သားအနေနဲ့ မှားယွင်းနေတယ်လို့ အခိုင်အမာဆိုလိုက်ပါတယ်။
အာဆင်နယ်ဟာ အင်္ဂလန်သားကို နံပတ် ၁ ဂိုးသမားအဖြစ် ကာလရှည်အသုံးပြုခဲ့တာဖြစ်ပြီး ရာယာရောက်လာချိန်မှာတော့ အခြေအနေတွေက အလျင်စလိုပြောင်းလဲခဲ့တာဖြစ်ပါတယ်။ နေရာပျောက်ခဲ့ပြီးနောက် ရမ်စ်ဒေးလ်က သူ့အနေနဲ့ ခံစားခဲ့ရကြောင်း ဝန်ခံပြောကြားလိုက်ကာ ပွဲအတွင်းယုံကြည်မှုကော စရိုက်လက္ခဏာပိုင်းပါ ပျောက်ဆုံးခဲ့တယ်လို့ ပြောကြားလိုက်ပါတယ်။
ရမ်စ်ဒေးလ်ရဲ့ဖခင် နစ်ရမ်စ်ဒေးလ်က “အာရွန်တစ်ယောက် အခုချိန်သူ့မျက်နှာမှာ အပြုံးတွေပျောက်ဆုံးနေပါတယ်။ အဲ့တာက ခက်ခဲပါတယ်။ သူ့ကိုဒီလိုမြင်ရတာ ခက်ခဲပါတယ်။ ကျွန်တော်တို့ သူ့ကိုအမြဲတမ်းပြုံးနေဖို့ ပြောဖြစ်ပါတယ်။ အာရွန်ကို မခေါ်ခင်မှာ ကျွန်တော် မစ္စတာအာတီတာနဲ့ ဖုန်းထဲကနေ စကားပြောဖြစ်ပါတယ်။ သူက အာရွန်ကို လိုချင်တယ်လို့ သူပြောခဲ့ပါတယ်။ ဒါပေမယ့် အခုတော့ မင်းသိလား။ ဒေးဗစ်ရာယာကို ခေါ်ယူအပြီးမှာ သူက ရာယာကိုပဲ နေရာပေးခဲ့ပါတယ်။ အာရွန်က လိဂ်ဖလားဂိုးသမားဖြစ်ပြီး ဒေးဗစ်ရာယာက ဘာမှမဖြစ်ခင်အထိ အဓိကဂိုးသမား ဖြစ်လာခဲ့ပါတယ်။ အာရွန်က ဒီလိုအရာတွေနဲ့ ရှင်သန်နေတာပါ။ သူနေရာမရတော့ဘူးဆိုတာ ဘယ်သူမှ အသိမပေးခဲ့ပါဘူး။ အားလုံးပြီးပြီလို့တော့ ဆိုနိုင်ပါတယ်။ ကျွန်တော့်မျက်လုံးထဲမှာတော့ အဲ့တာက မှားတယ်လို့ထင်ပါတယ်။ အဲ့အကြောင်း ကျွန်တော်တို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် အဲ့တာက ဆုံးဖြတ်ချက်ပါ။ ခင်ဗျားအနေနဲ့ အမှန်တရားက ဒေးဗစ်ရာယာရဲ့နောက်မှာပဲ နေရာရနေတာပါ။ သူက အခုဆိုမိသားစုလိုဖြစ်နေပါပြီ။ လာမယ့်နှစ်မတိုင်ခင်အထိပေါ့။ ကျွန်တော့်မျက်လုံးထဲမှာတော့ အဲ့ထက်လည်း ကြာနိုင်ပါတယ်”လို့ ရမ်စ်ဒေးလ်ရဲ့ဖခင်က ပြောကြားခဲ့ပါတယ်။
အခြားတစ်ဖက်မှာတော့ ရမ်စ်ဒေးလ်တစ်ယောက် ဇန်နဝါရီ ဒါမှမဟုတ် နွေရာသီမှာ အသင်းကနေ ထွက်ခွာနိုင်တယ်လို့ သတင်းကြီးနေပါတယ်။ အသက် ၂၅ နှစ်သားကတော့ နိုင်ငံအသင်းနဲ့အတူ ယူရို ၂၀၂၄ ကန်ချင်တာကြောင့် ပုံမှန်ကစားခွင့်ရမယ့်အသင်းမျိုးကို ပြောင်းချင်နေပါတယ်။