ရှေ့သို့
Image

ဘာစီလိုနာမှာ ဖြတ်သန်းခဲ့ရတဲ့ အချိန်တွေက ကစားသမားဘဝမှာ အကောင်းဆုံးဖြစ်ခဲ့တယ်လို့ ဖွင့်ဟလာတဲ့ အူဘာမီယန်း

2:48 PM, 14 November

အူဘာမီယန်းက ၎င်းရဲ့ဘောလုံးကစားသမားဘဝတစ်လျှောက်မှာ ဘာစီလိုမှာ ဖြတ်သန်းခဲ့ရတဲ့ ကာလတွေက အကောင်းဆုံးဖြစ်ခဲ့တယ်လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။

တိုက်စစ်မှူးဟာ ဂျာမန်နာမည်ကြီးကလပ်ဒေါ့မွန်အပါအဝင် ပရီးမီးယားလိဂ် ကလပ်အသင်းကြီးတွေဖြစ်တဲ့ အာဆင်နယ်နဲ့ ချဲလ်ဆီးတို့လို အသင်းတွေမှာလည်း ကစားသမားဘဝဖြတ်သန်းခဲ့ဖူးတာ ဖြစ်ပါတယ်။ သို့သော် အူဘာမီယန်းက ဘာစီလိုနာမှာ ဖြတ်သန်းခဲ့ရတဲ့ အချိန်ကာလတွေကသာ အရင်းနှီးဆုံးနဲ့ အမှတ်တရအရှိဆုံးဖြစ်တယ်လို့ ပြောကြားလာခဲ့ပါတယ်။

အမေဇုန်သတင်းဌာနသို့ အူဘာမီယန်းက “ဘာစီလိုနာမှာနေထိုင်ခဲ့တဲ့ ၆ လတာက ကျွန်တော့် ကစားသမားဘဝတစ်လျှောက် အကောင်းဆုံးအချိန်တွေပါပဲ။ ကျွန်တော်က လေ့ကျင့်ရေးဆင်းရတာကို သိပ်ကြိုက်တတ်တဲ့လူမျိုးမဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီမှာရှိနေတုန်းက အားလပ်ရက်တွေမှာတောင် အသင်းနဲ့လေ့ကျင့်ဖို့ လေ့ကျင့်ရေးကွင်းကို သွားခဲ့ပါတယ်။ တကယ် မယုံနိုင်စရာပါပဲ” လို့ပြောကြားခဲ့ပါတယ်။

အူဘာမီယန်းဟာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှာ ဘာစီလိုနာသို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့ပြီး ဒဏ်ရာကြီးကြီးမားမား ရရှိခဲ့တာဖြစ်ပါတယ်။ သို့သော် ဘာစီလိုနာ အတွက် ကစားခဲ့တဲ့ ပွဲစဉ် ၂၄ ပွဲမှာ ၁၃  ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး အယ်လ်ကလက်စီကိုမှာလည်း ရီးရဲလ်မက်ဒရစ်ကို ၄-၀ နဲ့အနိုင်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် နွေရာသီအပြောင်းအရွှေ့မှာတော့ ဘာစီလိုနာဟာ အူဘာမီယန်းကို ချဲလ်ဆီးသို့ ယူရို ၁၂ သန်းနဲ့ရောင်းချခဲ့ပြီး ဘာစီလိုနာနည်းပြ ဇာဗီက ကစားသမားကို ရောင်းချခဲ့ရခြင်းအပေါ် စိတ်မကောင်းဖြစ်မိတယ်လို့ ဝန်ခံခဲ့ပါတယ်။ ဒါ့အပြင် တိုက်စစ်မှူးဟာ အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်ခဲ့တာကြောင့် ဘာစီလိုနာ ပရိသတ်တော်တော်များများကလည်း အူဘာမီယန်းကို အခုလို လက်လွှတ်ခဲ့ရတဲ့အတွက် နှမြောခဲ့ကြတယ်လို့ သိရပါတယ်။

#လာလီဂါ #ဘာစီလိုနာ #အူဘာမီယန်း