ရှေ့သို့
Image

တံကောက်ကြောဒဏ်ရာ ရှိနေပေမယ့် ဘရာဇီးအသင်းဆီ ပူးပေါင်းခဲ့တဲ့ ဂျီးဆပ်

10:49 AM, 14 November

ဂါဘရီရယ်ဂျီးဆပ်စ်ဟာ တံကောက်ကြောဒဏ်ရာတစ်ခု ရရှိနေပေမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်တွေ ကစားရမယ့် ဘရာဇီးလက်ရွေးစင်အသင်းဆီ ပူးပေါင်းဖို့ မိခင်နိုင်ငံဆီ ရောက်ရှိလာခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း ဒဏ်ရာကြောင့် ပွဲကစားနိုင်ခြင်းမရှိတဲ့ ဂျီးဆပ်စ်က လက်ရွေးစင်တာဝန် ထမ်းဆောင်ဖို့ ဘရာဇီးနိုင်ငံဆီ ခရီးထွက်လာခဲ့တယ်လို့ The Standard သတင်းဌာနက ဖော်ပြလာပါတယ်။ အောက်တိုဘာ ၂၄ ရက်၊ ဆီဗီလာနဲ့ရင်ဆိုင်ရတဲ့ အာဆင်နယ်ရဲ့ချန်ပီယံလိဂ်ပွဲစဉ်အတွင်း သူက အခုတံကောက်ကြောဒဏ်ရာကို ရရှိခဲ့တာပါ။

နောက်ပိုင်းထွက်ပေါ်လာတဲ့ သတင်းတွေအရ တိုက်စစ်မှူးဟာ အနည်းဆုံး သီတင်းပတ် သုံးပတ်မှ လေးပတ်အထိ အနားယူရမယ်လို့ သိရပါတယ်။ နောက်ဆက်တွဲ သတင်းတွေအရ ဘရာဇီးလက်ရွေးစင်အသင်းဆေးဘက်ဆိုင်ရာအဖွဲ့က အသက်-၂၆ နှစ်အရွယ် ကစားသမားရဲ့ အခြေအနေကို အကဲဖြတ်ဖို့ရှိပြီး အခုနိုင်ငံတကာသီတင်းပတ်အတွက် အသင်းလူစာရင်းမှာ ထည့်သွင်းမလားဆိုတဲ့အချက်ကို ဆုံးဖြတ်ပေးလိမ့်မယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လ၊ တံကောက်ကြောဒဏ်ရာမရရှိခင်ကလည်း ဂျီးဆပ်စ်ဟာ ဒူးဒဏ်ရာ ပြဿနာရှိနေလို့ ရာသီအဖွင့်ပွဲစဉ်သုံးပွဲကို လွဲချော်ခဲ့ဖူးပါတယ်။ ဘရာဇီးလက်ရွေးစင်အသင်းက နိုဝင်ဘာ ၁၇ ရက်မှာ ကိုလံဘီယာနဲ့ ရင်ဆိုင်ကစားရဖို့ရှိပြီး နောက်ငါးရက်အကြာမှာတော့ ကမ္ဘာ့ဖလားချန်ပီယံအာဂျင်တီးနားနဲ့ ဆက်လက်ယှဉ်ပြိုင်ကစားရပါမယ်။

#ဘရာဇီး #ဂျီးဆပ်