ရှေ့သို့
Image

ဗလန်စီယာနဲ့ ပွဲစဉ်မှာ ဂိုးအပြိုင်သွင်းပြီး ကျွန်တော်တို့ ပြန်လာပြီလို့ ကြွေးကြော်လိုက်တဲ့ ရိုဒရီဂို

3:26 PM, 13 November

လာလီဂါချန်ပီယံဆု ဆွတ်ခူးနိုင်ရေးအတွက် ပြင်ဆင်မှုတွေ ဆက်တိုက်ပြုလုပ်နေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဗလန်စီယာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ လာလီဂါပွဲစဉ်တွင် နည်းပြ အန်ဆယ်လော့တီရဲ့ ရီးရဲလ်မက်ဒရစ်အသင်းက တိုက်စစ် အစွမ်းပြကာ ၅ဂိုး - ၁ဂိုး ရလဒ်ဖြင့် အနိုင်ရခဲ့ပြီး ပွဲစဉ်အတွင်းမှာ သွင်းဂိုးရှာဖွေပေးနိုင်ခဲ့တဲ့ ရိုဒရီဂိုက ခြေစွမ်းပိုင်းအပေါ် မှတ်ချက်ပြုလိုက်တာပဲ ဖြစ်ပါတယ်။

ဘရာဇီးစတားတွေဖြစ်တဲ့ ရိုဒရီဂိုနဲ့ ဗင်နီစီးယက်စ်တို့အနေဖြင့် ယခုနှစ်ဘောလုံးရာသီအစောပိုင်း ကာလတွင် ကြံ့ခိုင်မှုအားနည်းချက်ကြောင့် ခြေစွမ်းပြရန် ရုန်းကနေရပြီးပွဲစဉ်အတော်များများကိုလည်း ဆက်တိုက် လွဲချော်ခဲ့တာကြောင့် ဖိအားအချို့နဲ့ ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အိမ်ကွင်းတွင် ဗလန်စီယာအသင်းကို လက်ခံယှဉ်ပြိုင် ကစားခဲ့တဲ့ အဆိုပါ ပွဲစဉ်တွင် သွင်းဂိုးတွေအတွက် အဓိက အားထားနေရတဲ့ ဘယ်လင်ဟမ် မပါဝင်နိုင်ပေမဲ့ ကာဗာဂျယ်လ်ရဲ့ အဖွင့်ဂိုးအပြင် ဘရာဇီးစတားတွေဖြစ်တဲ့ ရိုဒရီဂို (၂ဂိုး)၊ ဗင်နီစီးယက်စ် (၂ဂိုး) တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အိမ်ကွင်းမှာ ရမှတ်ပြည့်ဆုပ်ကိုင်ခွင့်ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဗင်နီစီးယက်စ်နဲ့အတူ ခြေစွမ်းအမှန် ပြသနိုင်ရေးအတွက် လုပ်ဆောင်နေတဲ့ အကြောင်းနဲ့ ပတ်သက်လို့ ရိုဒရီဂိုက“ကျွန်တော်တို့က ပြီးပြည့်စုံတဲ့ ပွဲစဉ်တစ်ပွဲကို ကစားခဲ့ရတာပါ။ သွင်းဂိုး ခွင့်ပြုခဲ့ရတယ်ဆိုပေမဲ့ ဂိုးများများနဲ့ သက်သောင့်သက်သာ အနိုင်ရခဲ့တာကြောင့် ပွဲကောင်းတစ်ပွဲဖြစ်စေခဲ့ပါတယ်။ ကျွန်တော့်အနေနဲ့လည်း သွင်းဂိုး ၂ ဂိုးအပြင် ဂိုးဖန်တီးမှု ၂ ကြိမ်ပါ ပြုလုပ်ပေးနိုင်ခဲ့တာကြောင့် တကယ်ပျော်ရွှင်ရပါတယ်” “ယခုအချိန်မှာ ကျွန်တော်တို့က ဒီရာသီရဲ့ အကောင်းဆုံး အချိန်ကို ရောက်နေပါပြီ။ ပရိသတ်တွေမြင်တွေ့ချင်နေကြတဲ့ ရိုဒရီဂိုနဲ့ ဗင်နီကို မြင်တွေ့ရမှာပါ။ ပရိသတ်တွေ ပျော်ရွှင်ရတယ်ဆိုရင် ကျွန်တော်တို့လည်း ပျော်ရွှင်ရပါတယ်” လို့ ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#လာလီဂါ #ရိုဒရီ #ရီးရဲလ်မက်ဒရစ် #ဗလန်စီယာ #အန်ဆယ်လော့တီ