ရှေ့သို့
Image

ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပြင်သစ်ကိုကျော်ကာ ချန်ပီယံဖြစ်ခဲ့တာက လက်စွမ်း ပိုကောင်းလာစေတဲ့ အကြောင်း ဖွင့်ပြောလိုက်တဲ့ မာတီနက်ဇ်

11:55 AM, 12 November

ကာတာနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အာဂျင်တီးနားလက်ရွေးစင်အသင်းနဲ့အတူ ချန်ပီယံဖြစ်ခွင့်ရထားတဲ့ အက်စ်တွန်ဗီလာအသင်းရဲ့ အဓိကဂိုးသမား မာတီနက်ဇ် က ဗိုလ်လုပွဲစဉ်တွင် နာမည်ကျော်ကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့ ပြင်သစ်အသင်းကို အနိုင်ရလိုက်တာက ပိုကောင်းတဲ့ ကစားသမားတစ်ဦးဖြစ်စေခဲ့တဲ့အကြောင်း ဖွင့်ဟလိုက်တာပဲ ဖြစ်ပါတယ်။


မာတီနက်ဇ်ရဲ့ ကလပ်အသင်းဖြစ်တဲ့ အက်စ်တွန်ဗီလာအသင်းကလည်း ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီတွင် အစောပိုင်းကာလမှာ ရလဒ်ကောင်းရရန် ရုန်းကနေရပေမဲ့ ဥရောပ အတွေ့အကြုံများပြားတဲ့ နည်းပြ အူနိုင်းအမ်မရီ ရောက်လာမှုနဲ့အတူ ရလဒ်ပိုင်း သိသိသာသာ တိုးတက်လာခဲ့ပြီး အာဂျင်တီးနားလက်ရွေးစင် ဂိုးသမား မာတီနက်ဇ်ကလည်း အဓိကနေရာကနေ ပုံစံကောင်းပြသနေတာ ဖြစ်ပါတယ်။ နည်းပြ အမ်မရီရဲ့ အက်စ်တွန်ဗီလာအသင်းက ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီကုန်ချိန်မှာ အမှတ်ပေးဇယားအဆင့် ၇ နေရာတွင် ရပ်တည်နိုင်ခဲ့တဲ့အပြင် ယခုနှစ်မှာ ခြေစွမ်းပိုင်း ပိုကောင်းမွန်လာခဲ့ပြီး ပွဲစဉ် ၁၁ ပွဲကစားပြီးချိန်တွင် နိုင်ပွဲ ၇ ပွဲရထားကာ အမှတ်ပေးဇယား အဆင့် ၅ နေရာတွင် ရပ်တည်နေတာ ဖြစ်ပါတယ်။


စူပါစတားတွေပါဝင်နေတဲ့ ပြင်သစ်အသင်းကို အနိုင်ရယူပြီး ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်ခဲ့ရတာက ပိုကောင်းတဲ့ ကစားသမားတစ်ယောက်အဖြစ် အဆင့်မြှင့်တင်ပေးလိုက်သလို ဖြစ်ခဲ့တဲ့အကြောင်းနဲ့ ပက်သက်လို့ အာဂျင်တီးနားလက်ရွေးစင်ဂိုးသမား မာတီနက်ဇ်က “ပြင်သစ်နဲ့ ကစားခဲ့ရတဲ့ ဖိုင်နယ်ပွဲစဉ်လား။ ၇၅ မိနစ်လောက်အထိကတော့ ကျွန်တော် အာဂျင်တီးနားလက်ရွေးစင်အသင်းနဲ့အတူ ကစားခဲ့ဖူးသမျှ ပွဲစဉ်တွေထဲမှာ အကောင်းဆုံးဖြစ်ခဲ့တာပါ။ ပွဲစဉ်ရဲ့ အလှဆုံးအပိုင်းက ပွဲရဲ့ အဖြေကို အလှည့်ပြောင်းဖြစ်ခဲ့တဲ့ ၁၀ မိနစ်ပါပဲ။ ကစားသမားဘဝမှာ ဒီလို ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခွင့်ရတာက ကျွန်တော့်ကို ပိုကောင်းတဲ့ ကစားသမားတစ်ဦးအဖြစ် ယုံကြည်မှု ပိုအားကောင်းစေခဲ့ပါတယ်” လို့ ဖွင့်ဟ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#အာဂျင်တီးနား #ပြင်သစ် #မာတီနက်ဇ် #၂၀၂၂ကမ္ဘာ့ဖလား