ရှေ့သို့
Image

ဖခင်ဖြစ်သူ လွတ်မြောက်လာလို့ ဒီယက်ဇ် အလွန်ပျော်ရွှင်နေတယ်လို့ ပြောပြလာတဲ့ ယာဂန်ကလော့ပ်

3:28 PM, 10 November

ပြန်ပေးသမားတွေရဲ့လက်မှ ဖခင်ဖြစ်သူ ပြန်လည်လွတ်မြောက်လာတဲ့ သတင်းကို ကြားသိလိုက်ရလို့ လီဗာပူးတောင်ပံလူ ဒီယက်ဇ်ဟာ အလွန်ပျော်ရွှင်နေတယ်လို့ နည်းပြယာဂန်ကလော့ပ်က ပြောပြလာပါတယ်။ သီတင်းနှစ်ပတ်နီးပါးကြာ ပြန်ပေးဆွဲခံထားရတဲ့ လူးဝစ်မန်နျူရယ်ဒီယက်ဇ်ဟာ လက်ရှိမှာ ပြန်လည် လွတ်မြောက်လာခဲ့ပြီဖြစ်လို့ ဒီယက်ဇ်မိသားစုဝင်အားလုံး စိတ်သက်သာရာ ရသွားခဲ့ပါပြီ။

ကိုလံဘီယာလက်နက်ကိုင် အဖွဲ့တစ်ခုဖြစ်တဲ့ ELN နဲ့ ကုလသမဂ္ဂ၊ ကက်သလစ်ကျောင်းတော်တို့မှ ကိုယ်စားလှယ်များ ဆွေးနွေးခဲ့ပြီးနောက် ဒီယက်ဇ်ရဲ့ဖခင်ဖြစ်သူ ပြန်လည်လွတ်မြောက်လာတာဖြစ်တယ်လို့ ယမန်နေ့ (ကြာသပတေးနေ့) မွန်းလွဲပိုင်း သတင်းတွေမှာ ဖော်ပြလာခဲ့ပါတယ်။ ဒီသတင်းတွေနဲ့ အတူ ဖခင်ဖြစ်သူပြန်ပေးဆွဲခံရပြီးနောက် ပထမဆုံးအကြိမ်အဖြစ် လီဗာပူးအသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်လာတဲ့ ဒီယက်ဇ်နဲ့ ပတ်သက်လို့ ယာဂန်ကလော့ပ်က အခုလိုပြောပြလိုက်ပါတယ်။

တူးလော့စ်ကို အရေးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မတိုင်ခင် TNT Sports နဲ့ တွေ့ဆုံချိန် ကလော့ပ်က “ဒီယက်ဇ်ကတော့ အရမ်းကိုပျော်ရွှင်နေပြီး တစ်ချိန်လုံး လက်မထောင်ပြနေပါတယ်။ ကြည့်ရတာ ကောင်းပါတယ်။ အရမ်း၊ အရမ်းကောင်းတာပါ။ အချိန်ကိုက်ဖြစ်လာမှုက ဒီထက်ကောင်းတာမျိုးတောင် မရှိနိုင်တော့ပါဘူး။ အခုချက်ချင်းသာ ဒီသတင်းတွေကို အတည်ပြုပေးနိုင်မယ်ဆိုရင် ပိုကောင်းသွားမယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့ကလည်း သူ့ကို ပွဲထွက်ကစားမလားလို့ မေးခဲ့ပါတယ်။ သူကလည်း ကစားချင်တော့ ကောင်းတာပေါ့။ ဒီယက်ဇ် ပါဝင်ကစားပါလိမ့်မယ်”လို့ ပြောပါတယ်။

ဒီယက်ဇ်က သူ့ရဲ့ဖခင် ပျောက်ဆုံးနေစဉ်ကာလအတွင်း လီဗာပူးရဲ့ပွဲစဉ်နှစ်ခုကို လွဲချော်ခဲ့ပြီးနောက် လူတန်နဲ့ရင်ဆိုင်ရတဲ့ ပွဲစဉ်မှာ အသင်း အတွက် လူစားဝင်ကစားပေးရင်း ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။

#လီဗာပူး #ကလော့ပ် #ဒီယက်ဇ် #ပရီးမီးယားလိဂ်