ကိုပင်ဟေဂင်ကို ရှုံးနိမ့်ပြီးနောက် အသင်းအဝတ်လဲခန်းအခြေအနေကို ဖွင့်ဟလာတဲ့ ဘရူနိုဖာနန်ဒက်ဇ်
4:36 PM, 9 November
ယနေ့မနက်အစောပိုင်း ချန်ပီယံလိဂ်ပွဲစဉ်မှာ ကိုပင်ဟေဂင်ကို စိတ်ပျက်ဖွယ်အရေးနိမ့်ခဲ့ပြီးနောက် အသင်းအဝတ်လဲခန်းအတွင်း ခံစားချက်တွေဟာ အကောင်းဆုံး အခြေအနေမှာ မရှိနေဘူးလို့ ဘရူနိုဖာနန်ဒက်စ်က ဝန်ခံပြောဆိုခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် ယူနိုက်တက်က လေးပွဲကစား၊ သုံးမှတ်ဖြင့် ချန်ပီယံလိဂ်အုပ်စုတွင်းရပ်တည်မှုမှာ နောက်ဆုံးနေရာဆီ ရောက်ရှိသွားခဲ့ပါတယ်။
အဲရစ်တန်ဟက်ရဲ့အသင်းက ပွဲအစ မိနစ် ၃၀ အတွင်းမှာပဲ တိုက်စစ်မှူး ဟွိုက်လန်းရဲ့ သွင်းဂိုးတွေနဲ့အတူ ကိုပင်ဟေဂင်ကို နှစ်ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပေမယ့် မားကပ်ရက်ရှ်ဖို့ဒ် တိုက်ရိုက်အနီကတ်ဖြင့် ထုတ်ပယ်ခံခဲ့ရပြီးနောက် ပွဲရဲ့ချိန်ခွင်လျှာပြောင်းလဲသွားခဲ့ပြီး ပထမပိုင်းမပြီးဆုံးခင်မှာပဲ အိမ်ရှင်တွေက လိုအပ်နေတဲ့ ချေပဂိုးနှစ်ဂိုးကို ရှာဖွေနိုင်ခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ယူနိုက်တက်က ဘရူနိုဖာနန်ဒက်စ်ရဲ့ ပင်နယ်တီသွင်းဂိုးဖြင့် နောက်ထပ်တစ်ကြိမ် ဦးဆောင်နိုင်ခဲ့ပေမယ့် ပွဲချိန်နှောင်းပိုင်းမှာ ကိုပင်ဟေဂင်က ချေပဂိုးနဲ့ အနိုင်ဂိုးတို့ကို ရှာဖွေပြီး အဖိုးတန်အိမ်ကွင်းနိုင်ပွဲကို ရရှိသွားခဲ့ပါတယ်။ ဒါကြောင့် မန်ချက်စတာယူနိုက်တက်ဟာ ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်မှာ စိတ်ပျက်ဖွယ်ရလဒ်နဲ့အတူ အမှတ်ဗလာဖြင့် အိမ်ပြန်ခဲ့ရပါတယ်။
စိတ်ပျက်စရာရှုံးနိမ့်မှုနဲ့ ပတ်သက်လို့ ယူနိုက်တက်အသင်းကစားသမားတွေရဲ့ တုံ့ပြန်ပုံအကြောင်းကို ပွဲအပြီးမှာ မေးမြန်းခဲ့ရာ ယူနိုက်တက်ကပ္ပတိန် ဘရူနိုဖာနန်ဒက်စ်က “စိတ်ပျက်နေကြတာပေါ့။ ဒီပွဲမှာ ကျွန်တော်တို့လုပ်ခဲ့သမျှ အရာရာတိုင်းအတွက် တစ်ခုခုပြန်ရသင့်တယ်လို့ ထင်ပါတယ်။ လက်ရှိအခိုက်အတန့်ကတော့ ခက်ခဲလွန်းပါတယ်။ စိတ်ခံစားမှုတွေကလည်း အကောင်းဆုံးအဆင့်မှာ မရှိနေပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ဘောလုံးကိုင်ကစားတာအရမ်းကောင်းတဲ့အသင်းကို ကစားသမား ၁၀ ဦးတည်းနဲ့ ရင်ဆိုင်ကစားခဲ့ရသလို ပွဲစဉ်အတွင်း ဆုံးဖြတ်ချက်အတော်များများက ကျွန်တော်တို့အသင်းကို နစ်နာစေခဲ့လို့ ဖြစ်ပါတယ်။ ဒီနေ့က ခက်ခဲတဲ့နေ့တစ်နေ့ဖြစ်ခဲ့ပေမယ့် အသင်းက အကောင်းဆုံး ကြိုးစားအားထုတ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ကောင်းမွန်တဲ့အရာတစ်ချိုကို လုပ်ဆောင်နိုင်ခဲ့ပေမယ့် ပွဲချိန်နာရီဝက်နောက်ပိုင်းကစပြီး ကစားသမားတစ်ဦး လျော့သွားမှုနဲ့အတူ ကျွန်တော်တို့အတွက် ခက်ခဲလာခဲ့ပါတယ်” လို့ ပြောပါတယ်။
အခုလို ရလဒ်ပိုင်းဆိုးရွားမှုတွေနဲ့ ရင်ဆိုင်နေရပေမယ့် ချန်ပီယံလိဂ်ရှုံးထွက်အဆင့်ဆီ တက်ရောက်နိုင်ရေးမျှော်လင့်ချက် အတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဘရူနိုဖာနန်ဒက်စ်က ဆက်ပြောလာပါတယ်။
ပေါ်တူဂီလက်ရွေးစင်ကွင်းလယ်လူက “ဒီပွဲမတိုင်ခင်ကတည်းက ကျွန်တော်တို့ဟာ အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်သုံးခုလုံးကို အနိုင်ကစားမယ်ဆိုတဲ့ ယုံကြည်ချက် ရှိထားခဲ့ပါတယ်။ ကျွန်တော်တို့တွေ ချန်ပီယံလိဂ်လိုအကောင်းဆုံးပြိုင်ပွဲမှာ ဆက်ရှိနေချင်သေးတယ်ဆိုရင် အကောင်းဆုံး အသင်းတွေကို အနိုင်ရရှိဖို့လိုပါတယ်။ ဂါလာတာစာရေးနဲ့ ကစားရမယ့် အဝေးကွင်းပွဲစဉ်က တကယ်ကိုခက်ခဲနိုင်ပြီး အုပ်စုဗိုလ်အသင်းနဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်ကလည်း လွယ်ကူဖို့ မရှိပါဘူး။ နှစ်ပွဲလုံးကို အနိုင်ရချင်ပေမယ့်အခုချိန်မှာတော့ ကျွန်တော်တို့က လူတန်တောင်းနဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်ကို အာရုံစိုက်သွားဖို့ လိုအပ်ပါတယ်။ ဒီပွဲစဉ်ကလည်း ခက်ခဲတဲ့ပွဲစဉ်တစ်ခု ဖြစ်လာနိုင်လို့ပါ။ ကျွန်တော်တို့ အဲ့ဒီပွဲစဉ်မှာ အနိုင်သုံးမှတ် အပြည့်ရယူကာ ကိုပင်ဟေဂင်ကို ရှုံးနိမ့်မှုအပြီး နိုင်ပွဲလမ်းကြောင်းပေါ် ပြန်လည် တက်လှမ်းနိုင်ဖို့ လိုအပ်နေပါတယ်”လို့ ဆိုပါတယ်။