ရှေ့သို့
Image

ရက်ရှ်ဖို့ဒ်ရဲ့အနီကတ်ပြစ်ဒဏ်နဲ့ ကိုပင်ဟေဂင်ရဲ့သွင်းဂိုးနှစ်ဂိုးကို ခွင့်ပြုပေးမှုအပေါ် ဝေဖန်လိုက်တဲ့ တန်ဟက်

10:59 AM, 9 November

ဒီနေ့မနက်ပိုင်း၊ ဒိန်းမတ်မြေမှာ မန်ချက်စတာယူနိုက်တက်ရဲ့ နာကျင်ဖွယ်ရှုံးပွဲအပြီး နည်းပြတန်ဟက်က ရက်ရှ်ဖို့ဒ်ရဲ့အနီကတ်ပြစ်ဒဏ်အပါအဝင် ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေအပေါ် ဝေဖန်ပြစ်တင်လိုက်ပါတယ်။ အခုပွဲစဉ်အတွင်း ယူနိုက်တက်က ပွဲအစပိုင်းမှာပဲ ပြိုင်ဘက်ကို နှစ်ဂိုးပြတ် ဦးဆောင်ထားနိုင်ခဲ့ပေမယ့် ရက်ရှ်ဖို့ဒ်ထုတ်ပယ်ခံရပြီးနောက် ခက်ခက်ခဲခဲရုန်းကန်ခဲ့ရပြီး ပွဲပြီးချိန်မှာ ၄-၃ ဂိုးဖြင့် အရေးနိမ့်ခဲ့ပါတယ်။

ချန်ပီယံလိဂ် အုပ်စုအဆင့်ရပ်တည်မှုမှာ အောက်ဆုံးနေရာအထိ ရောက်ရှိသွားစေခဲ့တဲ့ ရှုံးပွဲအတွင်း ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်အတော်များများအပေါ် ယူနိုက်တက်နည်းပြဟာ မကျေမနပ်ဖြစ်နေခဲ့ပါတယ်။  အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် မန်ချက်စတာအခြေစိုက်ကလပ်အသင်းဟာ ရှုံးထွက်အဆင့်တက်ရောက်နိုင်ရေး ခက်ခက်ခဲခဲရုန်းကန်ရပါတော့မယ်။

တန်ဟက်က “ဒီအနီကတ်ပြစ်ဒဏ်ဟာ အရာရာတိုင်းကို ပြောင်းလဲသွားစေခဲ့တယ်။ ရုပ်သံပြကွက်တွေကို တစ်နေရာတည်း အကြာကြီးပြလိုက်မယ်ဆိုရင် ဖြစ်ရပ်ကို ပိုဆိုးသွားစေမယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်ပြောခဲ့သလိုပါပဲ၊ ဒီဖြစ်ရပ်ကိုပဲ အကြာကြီးပြသနေခဲ့လို့ အနီကတ်ဆိုတဲ့ ဆုံးဖြတ်ချက်တစ်ခု ထွက်ပေါ်လာခဲ့ပါတယ်။ ဟုတ်ပြီ။ ပထမပိုင်းပွဲချိန် ၂၅ မိနစ်အတွင်း ကျွန်တော်တို့ ပွဲကို စိုးမိုးထားနိုင်ခဲ့ပြီး နှစ်ဂိုးပြတ်ဦးဆောင်နိုင်ခဲ့တယ်။ ဒီနောက်မှာတော့ အနီကတ်ပြစ်ဒဏ်ပေါ်ထွက်လာပြီး အရာအားလုံးကို ပြောင်းလဲသွားစေခဲ့ပါတယ်။ ကျွန်တော်တို့ ကစားသမား ၁၀ ဦးတည်းနဲ့ ကစားခဲ့ရမှုအပေါ် အတော်လေးစိတ်ပျက်ခဲ့ကြပါတယ်”

“ပထမပိုင်း ပွဲချိန်မပြီးဆုံးခင်မှာပဲ ခွင့်မပြုပေးသင့်တဲ့ ဂိုးနှစ်ဂိုးကို ပြိုင်ဘက်ဆီ ပေးလိုက်ရပြန်ပါတယ်။ ပထမဆုံးဂိုးဆိုရင် လူကျွံဘောပါ။ အဲ့ဒီကစားသမားကပဲ အိုနာနာရဲ့မြင်ကွင်းတွေကို နှောင့်ယှက်နေခဲ့ပါတယ်။ ဒုတိယဂိုးဆိုရင်လည်း အရမ်းပြင်းထန်တဲ့ ပယ်နယ်တီပြစ်ဒဏ်မှတဆင့် လာပါတယ်။ မက်ဂွါရီရဲ့လက်က ပုံမှန်အနေအထားမျိုးမှာပဲ ရှိနေပြီး ဘောလုံးက လက်နဲ့လာထိခဲ့တာပါ။ မက်ဂွါရီက ဘောလုံးလုယူဖို့ ကြိုးစားခဲ့တာဖြစ်ပြီး ဒိုင်လူကြီးက ဒီဖြစ်ရပ်ကိုကြည့်ဖို့ အချိန်အကြာကြီး ယူခဲ့ပါတယ်။ လေးပွဲမှာ ပယ်နယ်တီလေးကြိမ်အထိ ကျွန်တော်တို့ ခွင့်ပြုခဲ့ရပြီး ဒီလေးကြိမ်အနက် သုံးကြိမ်ကတော့ မဖြစ်သင့်ဘူးလို့ ကျွန်တော်ပြောချင်တယ်။ အဲ့ဒီလိုဆုံးဖြတ်ချက်တွေအတွက် ကျွန်တော် အရမ်းစိတ်ပျက်ခဲ့ရပါတယ်။ ပွဲပြီးရလဒ်က ဒီလိုမျိုးဖြစ်လာဖို့ မရည်ရွယ်ထားပါဘူး။ ဒါက ဘောလုံးနဲ့ မဆိုင်တော့ပါဘူး။ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ လိုအပ်ပါတယ်။ ဒီအဆင့်မျိုးမှာ အချို့ဆုံးဖြတ်ချက်အမှားတွေအပေါ် ကျွန်တော် လက်ခံပေးလို့ရပါတယ်။ ပွဲကို စိုးမိုးထားနိုင်ခဲ့ပြီး ရလဒ်က ဒီလိုဖြစ်လာစရာအကြောင်း မရှိပါဘူး”လို့ ပြောပါတယ်။

အခုလိုအခြေအနေမျိုးမှာ ယူနိုက်တက်ကစားသမားတွေ ပြသထားတဲ့ စိတ်ဓါတ်ပိုင်းအပေါ် ဒတ်ချ်လူမျိုးနည်းပြက ချီးကျူးလိုက်ပါတယ်။ “ အခုဘောလုံးရာသီ တစ်ခုလုံး ကျွန်တော်တို့အသင်းကို နစ်နာစေတဲ့ ဆုံးဖြတ်ချက်တွေ အများကြီး ရှိခဲ့ပေမယ့် ဒီအသင်းကတော့ လုံးဝကိုကြံ့ကြံ့ခံထားနိုင်ခဲ့တယ်။ ဒဏ်ရာပြဿနာတွေ အများကြီးရှိနေတာလည်း အဆင်မပြေစေဘူးပေါ့။ ကျွန်တော်ကတော့ ကစားသမားတွေဆီ ကျွန်တော်တို့အသင်း အသာရစေမယ့် ဆုံးဖြတ်ချက်တွေ ရှိလာဦးမယ်လို့ ပြောထားပါတယ်”လို့ တန်ဟက်က ဆိုပါတယ်။

မန်ချက်စတာယူနိုက်တက်က လာမယ့်စနေနေ့၊ အိုးထရက်ဖို့ဒ်ကွင်းမှာ လူတန်ကို ဧည့်ခံကစားရပါမယ်။

#မန်ချက်စတာယူနိုက်တက် #ရက်ရှ်ဖို့ဒ် #ချန်ပီယံလိဂ် #အဲရစ်တန်ဟက် #ကိုပင်ဟေဂင်