ရှေ့သို့
Image

ဆီဗီလာနဲ့ ပွဲမတိုင်ခင် ဂျီးဆပ်စ်နဲ့ အိုဒီဂတ်တို့ဒဏ်ရာ အခြေအနေကို အာတီတာ ထုတ်ဖော်ပြောကြား

8:38 AM, 8 November

အာဆင်နယ်အသင်းနည်းပြ အာတီတာက ဂျီးဆပ်စ်တစ်ယောက် ဆီဗီလာနဲ့ ချန်ပီယံလိဂ်ပွဲကို ပါဝင်နိုင်မှာမဟုတ်သလို အိုဒီဂတ်ရဲ့အခြေအနေကလည်း မသေချာသေးဘူးလို့ ပြောကြားလိုက်ပါတယ်။

ဘရာဇီးသားဟာ ပြီးခဲ့တဲ့အဝေးကွင်းပွဲတုန်းက အာဆင်နယ်အတွက် စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် စီးတီးကစားသမားဟောင်းဟာ ပွဲအပြီးမှာ ဒဏ်ရာ ရခဲ့တာကြောင့် ရှက်ဖီးလ်ယူနိုက်တက်၊ နယူးကာဆယ်နဲ့ ပွဲတွေကို လွဲချော်ခဲ့ပါတယ်။

ကြံ့ခိုင်မှုပြဿနာရှိနေပေမယ့် ဘရာဇီးအသင်းကတော့ ဂျီးဆပ်စ်ကို ကိုလံဘီယာ၊ အာဂျင်တီးနားတို့နဲ့ ကစားမယ့် ပွဲလူစာရင်းမှာ ထည့်သွင်းထားတာဖြစ်ပါတယ်။ အခုနှစ်ရဲ့နိုင်ငံတကာရက်သတ္တပတ်မတိုင်ခင် အာဆင်နယ်ဟာ ၂ ပွဲ ကန်ရမှာဖြစ်ပြီး ကြားရက်မှာ ဆီဗီလာနဲ့ ကန်ရမှာဖြစ်ကာ အဲ့နောက် စနေနေ့မှာ ဘန်လေနဲ့ ပွဲဆက်ကန်ရမှာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ပွဲမတိုင်ခင် အာတီတာက အိုဒီဂတ်ရဲ့အခြေအနေက မသေချာသေးဘူးလို့ အတည်ပြုခဲ့ပါတယ်။ “ဂါဘီက ကြံ့ခိုင်မှုမပြည့်ဝသလို မာတင်ကလည်း မသေချာသေးပါဘူး။ ကျန်တာက အဆင်ပြေပါတယ်။ ဘာသတင်းမှမရှိပါဘူး”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

အိုဒီဂတ်ဟာ ရှက်ဖီးလ်ယူနိုက်တက်ကို ၅ ဂိုးပြတ်အနိုင်ရခဲ့တဲ့ ပွဲတုန်းက လူစားဝင်မကစားခဲ့သလို အခုကြားရက်တုန်းက ဝက်စ်ဟမ်းနဲ့ပွဲမှာတော့ လူစားဝင်ကစားခဲ့တာဖြစ်ပါတယ်။ နော်ဝေသားဟာ ဒဏ်ရာအခြေအနေကြောင့် နယူးကာဆယ်ကိုအသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲကို လွဲချော်ခဲ့ပါတယ်။ ဂျီးဆပ်စ်နည်းတူ အိုဒီဂတ်ကလည်း နိုင်ငံအသင်းလူစာရင်းမှာ ပါဝင်နေပါတယ်။

“မာတင်က နိုင်ငံအတွက်ကစားပေးရတာ ပျော်ပါတယ်။ အချိန်တိုင်း သူက အခေါ်ခံရသလို သူကြံ့ခိုင်မှုပြည့်ဝလို့ အဆင်ပြေရင် သူအဲ့မှာရှိမှာပါ”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။

စမစ်ရိုနဲ့ ပါတေးတို့ကလည်း ဒဏ်ရာ ရနေဆဲဖြစ်ပြီး စမစ်ရိုက ဝက်စ်ဟမ်းကို အရေးနိမ့်ခဲ့တဲ့ ကာရာဘောင်ဖလားပွဲမှာ ဒဏ်ရာ ရခဲ့တာဖြစ်ပြီး အာတီတာက ကြီးမားတဲ့စိုးရိမ်မှုလို့ ဆိုပါတယ်။ ပါတေးက ပြီးခဲ့တဲ့လလေ့ကျင့်ခန်းအစီအစဉ်တုန်းက ပေါင်ဒဏ်ရာ ရခဲ့တာဖြစ်ပြီး သတင်းတွေအရ ဂါနာသားဟာ အခုနှစ်မကုန်ခင်အထိ နားရနိုင်တယ်လို့ ဖော်ပြနေကြပါတယ်။

#ဆီဗီလာ #အာတီတာ #အာဆင်နယ် #အိုဒီဂတ် #ဂျီးဆပ် #ပရီးမီးယားလိဂ်