ရှေ့သို့
Image

ကွင်းလယ်ဒိုင်ကို ဝေဖန်ခဲ့တဲ့ အာတီတာရဲ့လုပ်ရပ် အိုဝင် ရှုတ်ချ

8:53 AM, 7 November

အာဆင်နယ်အသင်းနည်းပြ အာတီတာတစ်ယောက် နယူးကာဆယ်နဲ့ ပွဲအပြီး ဒိုင်တွေကို ဝေဖန်ခဲ့တာနဲ့ပတ်သက်ပြီး အိုဝင်က ရှုတ်ချလိုက်ပါတယ်။ အာတီတာဟာ ဂေါ်ဒွန်ရဲ့အငြင်းပွားဖွယ်အနိုင်ဂိုးကို ခွင့်ပြုပေးခဲ့တာကြောင့် ဒိုင်တွေရဲ့လုပ်ရပ်ဟာ ရှက်စရာလို့ ဝေဖန်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဘက်ကလည်း တနင်္ဂနွေနေ့တုန်းက အာတီတာရဲ့မှတ်ချက်တွေကို ထောက်ခံတယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ အင်္ဂလန်စတားဟောင်း အိုဝင်က အာဆင်နယ် နဲ့ အာတီတာတို့ရဲ့ ကွင်းလယ်ဒိုင်ကို ဝေဖန်ခဲ့တဲ့လုပ်ရပ်ကို ထောက်ပြခဲ့ပါတယ်။

သူက တွစ်တာမှာ “နယူးကာဆယ် နဲ့ အာဆင်နယ်တို့ရဲ့မနေ့ကပွဲက ကြည့်ကောင်းပါတယ်။ ထိပ်တန်းအသင်း ၂ သင်း ကန်နေကြတာပါ။ သူ(အာတီတာ)ပြောခဲ့တဲ့ ရှက်စရာနဲ့ အလွန်ဆိုးဝါးတယ်ဆိုတဲ့စကားတွေက အာတီတာရဲ့ အကျင့်စရိုက်ကိုဖော်ပြနေတာပါ။ မမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေထက် ပွဲကိုပိုထိခိုက်မှုတွေရှိတာကို တွေ့ရှိရပါတယ်။ သူ့အသင်းဘက်ကလည်း ဒိုင်တွေရဲ့ကိုင်တွယ်ပုံညံ့တာကို ညည်းတွားပြီး ကြေညာချက်ထုတ်ပြန်ခဲ့တာကို တွေ့ရပါတယ်။ တကယ့်ကို အဆင့်အတန်းမဲ့လွန်းပါတယ်”လို့ ရေးသားတင်ခဲ့ပါတယ်။ စကိုင်းစပေါ့တ် အစီအစဉ်တင်ဆက်သူ ဂယ်ရီနဗီးလ်နဲ့ ကာရေဂါတို့ကလည်း အာဆင်နယ်အသင်းရဲ့ကြေညာချက်ကို ဝေဖန်ခဲ့ကြပါတယ်။

“အာဆင်နယ်နဲ့ လီဗာပူးတို့ ကြေညာချက်တွေက မှားပါတယ်။ သီးသန့်လုပ်သင့်တာပါ။ နည်းပြနဲ့ ကစားသမားတွေက ဒိုင်တွေထက် အမှားများပါတယ်”လို့ နဗီးလ်က တွစ်တာမှာ တင်ခဲ့ပါတယ်။

အာဆင်နယ်က ဒီရာသီ PGMOLဆီကို တိုက်ရိုက်စွပ်စွဲပြီး ကြေညာချက်ထုတ်ပြန်ခဲ့တဲ့ ဒုတိယမြောက်အသင်း ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့လတုန်းက လီဗာပူးအသင်းက VAR ဒိုင်နဲ့ ကွင်းလယ်ဒိုင် ဟူးပါးတို့ရဲ့ပြောကြားချက်တွေကို ထုတ်ပြန်ဖို့ တောင်းဆိုခဲ့ပါတယ်။

အဆိုပါဖြစ်ရပ်ဟာ စက်တင်ဘာလ ၃၀ ရက်နေ့တုန်းက တော့တင်ဟမ်ကို လီဗာပူးအသင်းက ၂-၁ နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ ဒီယက်ဇ်ရဲ့သွင်းဂိုးကို လူကျွံဂိုးအဖြစ် သတ်မှတ်ခဲ့တာနဲ့ပတ်သက်ပြီး မှားယွင်းဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အာတီတာရဲ့ပြောကြားချက်တွေကို အာဆင်နယ်ဘက်ကလည်း “အာဆင်နယ်အသင်းဟာ အာတီတာရဲ့ ပွဲအပြီး ပြောကြားချက်တွေကို အပြည့်အဝထောက်ခံပါတယ်။ ကျွန်တော်တို့ ကစားသမားတွေရဲ့စွမ်းဆောင်ရည်အပြင် အဝေးကွင်းကို လာအားပေးတဲ့ ပရိသတ်တွေရဲ့အားပေးမှုကို ကျေးဇူးတင်ပါတယ်။ ပရီးမီးယားလိဂ်က အကောင်းဆုံး ကစားသမားတွေ နည်းပြတွေ၊ ပရိသတ်တွေရှိတဲ့ အကောင်းဆုံးလိဂ်ဖြစ်သလို သူတို့အားလုံးက အကောင်းဆုံးတွေနဲ့ ထိုက်တန်ပါတယ်။  ကျွန်တော်တို့ ဒိုင်အဖွဲ့ချုပ်အမှုဆောင် ဟောင်းဝက်တ် ဝက်ဘ်ရဲ့လုပ်ဆောင်မှုတွေကို အားပေးပါတယ်။ ပြီးတော့ ဒိုင်တွေရဲ့အဆင့်အတန်းနဲ့ ကျွန်တော်တို့လိဂ်ရဲ့ တောင်းဆိုမှုအတွက် အတူတူလက်တွဲလုပ်ဖို့ ကြိုဆိုနေမှာပါ”လို့ အာဆင်နယ်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

#အာတီတာ #အာဆင်နယ် #နယူးကာဆယ် #မိုက်ကယ်အိုဝင် #ပရီးမီးယားလိဂ်