ရှေ့သို့
Image

အံ့ဖွယ်နူနက်ဇ်လို့ ချီးကျူးလိုက်တဲ့ ကိုဒီဂတ်ပို

12:42 PM, 3 November

လီဗာပူးအသင်းတိုက်စစ်မှူး ကိုဒီဂတ်ပိုက အသင်းဖော်ဒါဝင်နူနက်ဇ်ရဲ့ ပုံစံကောင်းပြသနေမှုဟာ သူတို့အသင်းအတွက်တော့ အံ့အားသင့်စရာမဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဥရုဂွေးတိုက်စစ်မှူးက ကြာသပတေးနေ့နံနက်ပိုင်း ကာရာဘောင်ဖလား ပွဲစဉ်မှာ အရန်ကစားသမားအဖြစ် ပါဝင်လာခဲ့ပြီး လူစားဝင်ကစားခွင့်ရချိန်မှာပဲ အခုဘောလုံးရာသီ၊ သူ့ရဲ့ခုနစ်ဂိုးမြောက်သွင်းဂိုးကို ရယူခဲ့ပါတယ်။

ဂတ်ပိုက “အဲ့ဒီသွင်းဂိုးကတော့ တကယ့်အံ့ဖွယ်သွင်းဂိုးပါ။ အရည်အသွေးကောင်းတွေ အများကြီးပါဝင်ပြီး အာနိုးလ်ဆီကလည်း တကယ်ကောင်းတဲ့ ပေးပို့မှုတစ်ခု မြင်တွေ့ခဲ့ရပါတယ်။ ဒါဝင်နူနက်ဇ်ကလည်း ဝေ့ဝိုက်ကန်သွင်းဖို့ အကောင်းဆုံး အနေအထားတစ်ခု ပြသခဲ့ပြီး ဒါက တကယ့်အံ့ဖွယ်သွင်းဂိုးတစ်ခု ဖြစ်ပါတယ်”လို့ ကလပ်အသင်းဝက်ဘ်ဆိုဒ်နဲ့ တွေ့ဆုံချိန် ပြောလာပါတယ်။

အခုဘောလုံးရာသီမှာ အသက်-၂၄ နှစ်အရွယ်ကစားသမားက အန်ဖီးလ်ကစားသမားဘ၀ အဖွင့်ရာသီထက် ပိုမိုကောင်းမွန်တဲ့ တိုးတက်မှုတွေကို ပြသထားခဲ့ပါတယ်။ Opta ရဲ့ ကိန်းဂဏန်းတွေအရ နူနက်ဇ်က ၂၀၂၂-၂၀၂၃ ဘောလုံးရာသီအတွင်း ပွဲကစားချိန်မိနစ် ၉၀ တိုင်းမှာ ဂိုးသွင်းယူနိုင်ဖို့ ဝ.၅၆၊ ဂိုးဖန်တီးပေးဖို့ ဝ.၁၉ သာရှိခဲ့ရာမှ အခုဘောလုံးရာသီလက်ရှိအချိန်အထိ ပွဲကစားချိန်မိနစ် ၉၀ တိုင်းမှာ ဂိုးသွင်းယူနိုင်ဖို့ ဝ.၉၃၊ ဂိုးဖန်တီးပေးဖို့ ဝ.၅၃ အထိ တိုးတက်လာခဲ့တယ်လို့ သိရပါတယ်။

ဒါက နိုဝင်ဘာလဆန်းပိုင်းအထိ ကောက်ယူထားတဲ့ အချက်အလက်တွေဖြစ်ပြီး ကိန်းဂဏန်းတွေ သေးငယ်နေတယ်ဆိုတာ သဘာဝကျပါတယ်။ ဒါပေမယ့် အခုဘောလုံးရာသီ၊ အင်္ဂလန်ဘောလုံးလောကမှာ နူနက်ဇ်တော့ သူ့ရဲ့ခြေစွမ်းကောင်းကို ရှာဖွေနေတယ်ဆိုတဲ့ အချက်အတွက် သက်သေဖြစ်နေပြန်ပါတယ်။

ဂတ်ပိုက “လေ့ကျင့်ရေးကွင်းမှာရော၊ ပွဲကစားချိန်မှာပါ အချိန်တိုင်းလိုလို သူ့ရဲ့အရည်သွေးကောင်းတွေ မြင်တွေ့နေလို့ အသင်းဖော်တွေအတွက်တော့ အံ့သြစရာကိစ္စတစ်ခုမဟုတ်ဘူးလို့ ကျွန်တာ်ထင်ပါတယ်။ အခုအချိန်မှာ နူနက်ဇ်က ကောင်းမွန်တဲ့ပြေးလမ်းတစ်ခုပေါ်မှာ ရောက်ရှိနေပါပြီ။ ကျွန်တော်တို့ကလည်း သူ့ကို ထောက်ပံ့ပေးရမှာဖြစ်သလို သူလည်း အလားတူလုပ်ဆောင်ပြီး ဒီကောင်းမွန်တဲ့ ပြေးလမ်းကို ဆက်ထိန်းကာ ကျွန်တော်တို့ကို ကူညီပေးနေပါတယ်”လို့ ဆက်ပြောခဲ့ပါတယ်။

လီဗာပူးက လာမယ့်တနင်္ဂနွေနေ့မှာ လူတန်နဲ့ ပရီးမီးယားလိဂ်အဝေးကွင်းပွဲစဉ် ဆင်နွှဲရပါမယ်။

#လီဗာပူး #ဒါဝင်နူနက်ဇ် #ဂတ်ပို #ပရီးမီးယားလိဂ်