ရှေ့သို့
Image

ယူနိုက်တက်သို့ ပြောင်းရွှေ့လာခဲ့တဲ့ မေဆင်မောင့်ဟာ တွင်းနက်ကြီးထဲ ပြုတ်ကျသွားတာဖြစ်တယ်လို့ ပြောကြားလာတဲ့ ခရစ်ဆက်တန်

10:45 AM, 1 November

ခရစ္စဆက်တန်က မေဆင်မောင့်ရဲ့ ယူနိုက်တက်သို့ ပြောင်းရွှေ့မှုဟာ တွင်းနက်ကြီးတစ်ခုထဲ ပြုတ်ကျသလိုဖြစ်ခဲ့တယ်လို့ ယူဆနေပြီး ကစားသမားရဲ့လက်ရှိအခြေအနေဟာ ယူနိုက်တက်ရဲ့ ဆုတ်ယုတ်မှုကိုပြသနေတာဖြစ်တယ်လို့ ပြောကြားလာခဲ့ပါတယ်။

အသက်-၂၄ နှစ်အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့နွေရာသီမှာ ချဲလ်ဆီးမှ ယူနိုက်တက်သို့ ပေါင်သန်း ၆၀ နဲ့ ပြောင်းရွှေ့လာခဲ့ပြီး အိုးလ်ထရက်ဖို့ဒ်မှာ ခြေစွမ်းပြဖို့သာမက ပုံမှန်နေရာရဖို့ပါ ရုန်းကန်နေရတာဖြစ်ပါတယ်။ ဒါကြောင့် ဆက်တန်က “မေဆင်မောင့်ဟာ ကမ္ဘာပေါ်မှာ မြင်ဖူးသမျှထဲက အကြီးဆုံးတွင်းနက်ကြီးထဲကို ပြုတ်ကျသွားပုံရပါတယ်” လို့ ပြောကြားလာခဲ့တာ ဖြစ်ပါတယ်။

မောင့်ဟာ ယူနိုက်တက်ရဲ့ ရာသီအစပွဲစဉ် ၂ ပွဲဖြစ်တဲ့ ဝုဗ်၊ တော့တင်ဟမ်တို့နဲ့ ပွဲစဉ်တွေမှာ ပါဝင်နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဒဏ်ရာ ရရှိပြီး ၁ လခန့် အနားယူခဲ့ရပါတယ်။ အင်္ဂလန်လက်ရွေးစင် ကစားသမားဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ ဂါလာတာစာရေးတို့ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်တွေမှာ ပွဲထွက်ကစားသမားအဖြစ် ပြန်လည် ပါဝင်လာနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဘရန့်ဖို့ဒ်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာလည်း ပွဲထွက်ကစားသမားအဖြစ် ထပ်မံပါဝင်လာခဲပေမယ့် ကိုပင်ဟေဂင်၊ ရှက်ဖီးလ်ယူနိုက်တက်တို့နဲ့ ပါစဉ်မှာတော့ အရန်ခုံမှာသာထိုင်ခဲ့ရတာဖြစ်ပါတယ်။

နောက်ဆုံး ကစားခဲ့တဲ့ မန်ချက်စတာစီးတီးနဲ့ ပွဲစဉ်မှာလည်း မောင့်ဟာ အရန်လူစာရင်းမှာသာ ပါဝင်ခဲ့ပြီး ဒုတိယပိုင်းအစမှာ လူစားဝင်လာခဲ့ပေမယ့် ခြေစွမ်းပြသနိုင်ခဲ့ခြင်းမရှိပါဘူး။ ဆက်တန်က “ဂယ်ရီနဗီးပြောတဲ့အတိုင်း အိုးလ်ထရက်ဖို့ဒ်က ဘောလုံးကစားသမားကောင်းတွေကို သတ်နေတယ်ဆိုတဲ့စကားက မှန်နေပါပြီ။ အခုလည်း မေဆင်မောင့်အနေနဲ့ သူ့ကိုယ်သူဂရုမစိုက်ဘူးဆိုရင် သူလည်း အဲဒီထဲကတစ်ယောက်အပါအဝင်ဖြစ်တော့မှာပါ” လို့ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက မေဆင်မောင့်ဟာ ချဲလ်ဆီးမှာ ပြိုင်ပွဲစုံ ၅၃ ပွဲကစားခဲ့ပြီး ၁၃ ဂိုး သွင်းယူကာ ဂိုးဖန်တီးမှု ၁၆ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ ထူးခြားချက်မှာ မောင့်ဟာ အဆိုပါပွဲစဉ်တွေထဲက ပွဲ ၄၀ ကို ကွင်းလယ်တိုက်စစ်နေရာကနေ ကစားခဲ့ပြီး ၁၂ ဂိုး သွင်းယူကာ ၁၄ ကြိမ်အထိ ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ တန်ဟက် လက်အောက်မှာတော့ မောင့်ဟာ ကွင်းလယ်အထိုင်ကစားသမားအဖြစ်သာ ကစားနေရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က မန်စီးတီးကို ၀-၃ နဲ့ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ မောင့်ဟာ ဒုတိယပိုင်းအစမှာ အမ်မရာဘတ်နေရာမှာ အစားထိုးဝင်ရောက်လာခဲ့ပေမယ့် တိုမီနေးက ကွင်းလယ်တိုက်စစ်နေရာမှာသာ ဆက်လက်ကစားခဲ့ပြီး ဖာနန်ဒက်စ်ကလည်း ညာတောင်ပံနေရာမှာ တွင်တွင်ကျယ်ကျယ်နေရာယူထားခဲ့တာဖြစ်ပါတယ်။

အဲရစ်ဆင်နဲ့အတူ မေဆင်မောင့်ကို တွဲပြီးကစားစေခဲ့တာကြောင့် ယူနိုက်တက်ရဲ့ခံစစ်ကြောင်းကို အလွန်ပွင့်သွားစေတယ်ဆိုတဲ့ ဂယ်ရီနဗီးလ်ရဲ့ ဝေဖန်မှုကို တန်ဟက်က ပြန်လည်ကာကွယ်ပြောဆိုခဲ့ပါတယ်။

ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာ တန်ဟက်က “ကျွန်တော်တို့ ရှုံးနိမ့်နေတဲ့အချိန်မှာ ဖန်တီးမှုတွေပြုလုပ်ဖို့ ပြောင်းလဲမှုတွေလုပ်ရပါမယ်။ မေဆင်မောင့်ပါလာရင် ကျွန်တော်တို့မှာ ဖန်တီးနိုင်စွမ်းပိုရှိလာပါတယ်” လို့ပြောကြားခဲ့တာဖြစ်ပါတယ်။

အိုးလ်ထရက်ဖို့ဒ်မှာ ယှဉ်ပြိုင်ခဲ့တဲ့ အဆိုပါဒါဘီပွဲစဉ်မှာ ယူနိုက်တက်ဟာ ရလဒ်ဆိုးဝါးခဲ့တဲ့အပြင် စွမ်းဆောင်ရည်ညံ့ဖျင်းခဲ့မှုကြောင့် တန်ဟက်အပေါ် ဖိအားတွေ ထပ်လောင်းကျရောက်လာခဲ့ပါတယ်။ ယခုရာသီမှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ၁၀ ပွဲမှာ ၅ ပွဲအထိ ရှုံးနိမ့်ထားပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၈ နေရာမှာ ရပ်တည်နေကာ ထိပ်ဆုံးက တော့တင်ဟမ်နဲ့ ၁၁ မှတ်ကွာဟနေပြီး အဆင့် ၄ နေရာက လီဗာပူးနဲ့ ၈ မှတ်ကွာဟနေပါတယ်။

ဒါ့အပြင် ယူနိုက်တက်ရဲ့ သွင်းဂိုးဟာလည်း ၁၁ ဂိုးသာရှိပြီး မန်စီးတီးတိုက်စစ်မှူး ဟာလန်း တစ်ဦးတည်းရဲ့ သွင်းဂိုးအရေအတွက်နဲ့ တူညီနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #မေဆင်မောင့် #ခရစ္စဆက်တန် #ပရီးမီးယားလိဂ်