ရှေ့သို့
Image

သြစတြေးလျနုတ်ထွက်သွားမှုကြောင့် ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲလက်ခံကျင်းပခွင့်ရရှိဖို့ ဆော်ဒီ နီးစပ်လာ

4:52 PM, 31 October

၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်ပခွင့်ရရှိဖို့ မလျှောက်ထားတော့ဘူးလို့ သြစတြေးလျဘက်က ကြေညာခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းဒေသမှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို နောက်တစ်ကြိမ်မြင်တွေ့ရဖို့ နီးစပ်လာပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို အာရှနဲ့ သမုဒ္ဒရာပိုင်းဇုန်မှာပဲ ကျင်းပခွင့်ပေးမယ်လို့ ကြေညာခဲ့ပြီးနောက် အခုလအစောပိုင်းမှာပဲ ဆော်ဒီက ဖီဖာဆီ စိတ်ဝင်စားမှုဖော်ပြလွှာ ပေးပို့ခဲ့ပါတယ်။ ဒါ့အပြင် သြစတြေးလျဘောလုံးအဖွဲ့ချုပ်က အခုအင်္ဂါနေ့မှာပဲ ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိရေး မလျှောက်ထားတော့ဘူးလို့ ကြေညာချက်ထုတ်ပြန်ခဲ့ရာ ဆော်ဒီအတွက် ကမ္ဘာ့ဖလားအိမ်ရှင်ဖြစ်ရေးပြိုင်ပွဲမှာ ပြိုင်ဘက်မရှိတော့ပါဘူး။

သြစတြေးလျဘောလုံးအဖွဲ့ချုပ်ရဲ့ ကြေညာချက်မှာ “ကမ္ဘာ့ဖလားအိမ်ရှင်အဖြစ်လက်ခံကျင်းပဖို့ အခွင့်အလမ်းတွေကို စူးစမ်းရှာဖွေခဲ့ပါတယ်။ အချက်အလက်တွေအားလုံးကို ထည့်သွင်းစဉ်းစားပြီးချိန်မှာ ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲ အတွက် အိမ်ရှင်အဖြစ်လျှောက်ထားဖို့ကိစ္စကို နိဂုံးချုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲ့ဒီအစား ကမ္ဘာ့သက်တမ်းအရင့်ဆုံး အမျိုးသမီးဆိုင်ရာပြိုင်ပွဲတစ်ခုဖြစ်တဲ့ ၂၀၂၆ ခုနှစ် အမျိုးသမီးအာရှဖလား ပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပဖို့ ခိုင်မာတဲ့ အနေအထားမှာ ရှိနေတယ်လို့ ယုံကြည်မိပါတယ်။ နောက်ထပ်လည်း ၂၀၂၉ ခုနှစ် ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကမ္ဘာ့အကောင်းဆုံးဘောလုံးအသင်းတွေကို ကြိုဆိုသွားပါမယ်”လို့ ဖော်ပြခဲ့ပါတယ်။

၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ်လက်ခံကျင်းပဖို့ မျှော်မှန်းထားတဲ့နိုင်ငံတွေက အောက်တိုဘာ ၃၁ ရက် နောက်ဆုံးထားပြီး စိတ်ဝင်စားမှုဖော်ပြလွှာပေးပို့ရမှာဖြစ်ပြီး နိုဝင်ဘာ ၃၁ ရက်မတိုင်ခင် တရားဝင် လျှောက်ထားရဖို့ ရှိနေပါတယ်။ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှာတော့ ဖီဖာအဖွဲ့ဝင်တွေက ၂၀၃၄ ကမ္ဘာ့ဖလားအိမ်ရှင်နိုင်ငံကို ရွေးချယ်သွားပါလိမ့်မယ်။

လွန်ခဲ့တဲ့ ၁၂ လအတွင်း ပြည်တွင်းဘောလုံးလောကကို ဖွံ့ဖြိုးတိုးတက်လာဖို့ အကြီးအကျယ်ရင်းနှီးမြှုပ်နှံခဲ့တဲ့ ဆော်ဒီက ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အိမ်ရှင်အဖြစ် လျှောက်ထားဖို့ ကနဦးသတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီပြိုင်ပွဲအတွက် ဆော်ဒီက ဂရိ၊ အီဂျစ်တို့နဲ့ ပူးတွဲအိမ်ရှင်အဖြစ် လျှောက်ထားဖို့ စဉ်းစားခဲ့ပေမယ့် နောက်ပိုင်းမှာ ၂၀၃၄ ခုနှစ်ပြိုင်ပွဲအတွက်ပဲ တစ်ဦးတည်းအိမ်ရှင်အဖြစ် လျှောက်ထားဖို့ကိုသာ စိတ်ကူးလာခဲ့ပါတယ်။

လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကိုတော့ အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါနိုင်ငံတွေမှာ လက်ခံကျင်းပသွားဖို့ ရှိပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အဖြစ် ၂၀၃၀ ပြည့်နှစ်ပြိုင်ပွဲကိုတော့ အိမ်ရှင်ခြောက်နိုင်ငံပူးပေါင်း ကျင်းပသွားပါလိမ့်မယ်။ ၂၀၃၀ ပြည့်နှစ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုပွဲစဉ်တွေကို ဥရုဂွေး၊ ပါရာဂွေး၊ အာဂျင်တီးနားတို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပပြီး ရှုံးထွက်အဆင့်နောက်ပိုင်းပွဲစဉ်တွေကို စပိန်၊ မော်ရိုကိုနဲ့ ပေါ်တူဂီနိုင်ငံတွေမှာ လက်ခံကျင်းပသွားပါမယ်။

#ဆော်ဒီ #ကမ္ဘာ့ဖလား