ရှေ့သို့
Image

အာဂျင်တီးနားဂုဏ်ဆောင် ၈ ကြိမ်မြောက် ရွှေဘောလုံးဆုရယူပြီး မာရာဒိုနာကို ဂုဏ်ပြုစကားဆိုလိုက်တဲ့ မက်ဆီ

4:09 PM, 31 October

၂၀၂၂ ကမ္ဘာ့ဖလား ချန်ပီယံ အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင် မက်ဆီက ချန်ပီယံလိဂ်အပါအဝင် အဓိက ဆုဖလား ၃ လုံးအထိ ဆွတ်ခူးရယူထားနိုင်ခဲ့တဲ့ နော်ဝေလ်တိုက်စစ်မှူးဟာလန်းကို ကျော်ကာ ၈ ကြိမ်မြောက် ရွှေဘောလုံးဆု ဆွတ်ခူးနိုင်ခဲ့အပြီးမှာ အာဂျင်တီနားနိုင်ငံရဲ့ ဂန္ဓဝင်ကစားသမားကြီး မာရာဒိုနာအား ဂုဏ်ပြုစကားဆိုလိုက်တာပဲ ဖြစ်ပါတယ်။

အာဂျင်တီးနား လက်ရွေးစင်အသင်းနဲ့အတူ မာရာဒိုနာက ၁၉၈၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗိုလ်စွဲထားနိုင်ခဲ့ပြီး အဆိုပါ နေ့ရက်များအလွန်မှာ ကမ္ဘာ့ဖလားချန်ပီယံဆုနဲ့ ဆက်တိုက်လွဲချော်နေခဲ့ပြီး ၂၀၂၂ ခုနှစ်မှာ မက်ဆီရဲ့ ဦးဆောင်မှုနဲ့အတူ အာဂျင်တီးနားအသင်းက ထပ်မံဆွတ်ခူးနိုင်ခဲ့တာ ဖြစ်ပါတယ်။ မက်ဆီအတွက် ခမ်းနားတဲ့သမိုင်းမှတ်တမ်းတစ်ခု ရေးထိုးနိုင်ရေးအတွက် ၈ကြိမ်မြောက် ရွှေဘောလုံးဆုရရန် ခရီးလမ်းမှာ ပြိုင်ဘက်အနေဖြင့် မန်စီးတီးအသင်းအတွက် ချန်ပီယံလိဂ်ဆုဖလား ဆွတ်ခူးပေးနိုင်ခဲ့တဲ့ ဟာလန်းက အဓိက နေရာကနေ ပါဝင်အားပြိုင်လာခဲ့တာ ဖြစ်ပါတယ်။

ကမ္ဘာ့တစ်ဝှမ်းမှ ပရော်ဖက်ရှင်နယ် ဘောလုံးသမားတွေအကြား တန်ဖိုးအထားဆုံး တစ်ဦးချင်းဆုတံဆိပ်လို့ ရည်ညွှန်းနိုင်တဲ့ ရွှေဘောလုံးဆုကို ပြီးခဲ့တဲ့နှစ်မှာ ချန်ပီယံလိဂ်ချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား ကာရင်ဘန်ဇီးမားက ဆွတ်ခူးရယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုအတွက် မက်ဆီ၊ ဟာလန်းတို့နဲ့ အနီးစပ်ဆုံး‌ ရေပန်းစားနေခဲ့တာက အရည်အသွေးမြင့် ပြင်သစ်ကြယ်ပွင့်ကစားသမား အမ်ဘာပေနဲ့ ဟာလန်းရဲ့ မန်စီးတီးအသင်းဖော် ဒီဘရိုင်းတို့ပဲ ဖြစ်ပါတယ်။

ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၈ ကြိမ်အထိ သမိုင်းဝင် ရယူနိုင်ခဲ့အပြီးမှာ အာဂျင်တီးနားဂန္ဓဝင် မာရာဒိုနာကို ဂုဏ်ပြုလိုတဲ့ အကြောင်းနဲ့ ပတ်သက်လို့ မက်ဆီက “ဒီနေ့မှာ မာရာဒိုနာနဲ့ ပတ်သက်တဲ့ အကြောင်းလည်း ပြောပြချင်ပါတယ်။ ဘောလုံးလောကကို ချစ်မြတ်နိုးတဲ့ အသိုင်းအဝိုင်းရောက်နေတဲ့ ဒီအခမ်းအနားအလယ်မှာ မာရာဒိုနာကို ‘ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေ’ လို့ ဆုတောင်းပေးချင်ပါတယ်။ ဒီထက်ပိုပြီး ဆုတောင်းကစားပြောဆိုသင့်တဲ့နေရာ ဆိုတာမရှိနိုင်ပါဘူး။ မာရာဒိုနာရေ။ ဘယ်ကမ္ဘာများ ရောက်နေပါစေ ခင်ဗျားအတွက် မွေးနေ့ဆုတောင်းပေးလိုက်ပါတယ်။ ပြီးတော့ ဒီဆုကလည်း ခင်ဗျားအတွက် ရည်ရွယ်ပါတယ်”လို့ ဂုဏ်ပြုပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

#မာရာဒိုနာ #အာဂျင်တီးနား #မက်ဆီ