ရှေ့သို့
Image

စပိန်အမျိုးသမီးအသင်းမှ ကစားသမားကို အတင်းအကြပ်နမ်းခဲ့တဲ့ ရူဘီယာလက်စ်ကို ဖီဖာက ၃ နှစ်ပိတ်ပင်

11:08 AM, 31 October

ကမ္ဘာ့ဖလားဆုရှင် ဂျန်နီဟာမိုဆိုရဲ့နှုတ်ခမ်းကို အတင်းအကြပ်နမ်းခဲ့တဲ့ စပိန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဌဟောင်း လူးဝစ်ရူဘီယာလက်စ်ကို ဖီဖာက ၃ နှစ်ပိတ်ပင်လိုက်ကြောင်း တနင်္လာနေ့က ကြေညာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ဩဂုတ်လ ၂၀ ရက်နေ့က ဆစ်ဒနီမြို့မှာ ကျင်းပခဲ့တဲ့ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲမှာ စပိန်အသင်းကအနိုင်ရရှိပြီးနောက် ဆုတံဆိပ်ချီးမြှင့်ရာမှာ ရူဘီယာလက်စ်ဟာ ဟာမိုဆိုရဲ့ခွင့်ပြုချက်မပါဘဲ နမ်းခဲ့တာကြောင့် အားကစားအုပ်ချုပ်ရေးအဖွဲ့ရဲ့ ရက် ၉၀ ကြာဆိုင်းငံ့ခြင်းကိုခံခဲ့ရပါတယ်။ ယခုအခါ ကျင့်ဝတ်စည်းကမ်းကိုချိုးဖောက်ကြောင်း ထင်ရှားတာကြောင့် ရူဘီယာလက်စ်ရဲ့ ဘောလုံးနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုအားလုံးကို ၃ နှစ်အထိပိတ်ပင်လိုက်ပြီဖြစ်ပါတယ်။ 

သို့သော် ရူဘီယာလက်စ်ကတော့ ယခုလိုဖီဖာရဲ့ အရေးယူမှုကို အယူခံဝင်သွားမယ်လို့ ပြန်လည်တုံ့ပြန်လာခဲ့ပါတယ်။ တွစ်တာမှတစ်ဆင့် ၎င်းက “ကျွန်တော်အယူခံဝင်မယ်ဆိုတာကို ကြေညာတော့မှာပါ။ တရားမျှတဖို့နဲ့ အမှန်တရားပေါ်ပေါက်လာဖို့ ဒီအမှုကို အမြင့်ဆုံးတရားရုံးကနေတစ်ဆင့်ဖြေရှင်းသွားမှာပါ” လိုရေးသားမျှဝေထားပါတယ်။ 

ဟာမိုဆိုကတော့ အဆိုပါအဖြစ်အပျက်ဟာ သူမရဲ့ခွင့်ပြုချက်မပါဘဲ ကျူးလွန်ခဲ့တာဖြစ်လို့ အဓမ္မကျင့်သလိုကိုခံစားခဲ့ရတယ်လို့ ပြောကြားထားခဲ့တာဖြစ်ပါတယ်။ အဆိုပါအနမ်းကို အများက သဘောတူညီတယ်လို့ အကြိမ်ကြိမ်အခါခါ အတင်းအကြပ်ပြောဆိုခဲ့တဲ့ ရူဘီယာလက်စ်ဟာ ပြီးခဲ့တဲ့စက်တင်ဘာလက စပိန်ဘောလုံးအဖွဲ့ချုပ် အကြီးအကဲရာထူးကနေ နုတ်ထွက်လိုက်ရပြီဖြစ်ပါတယ်။ 

ဇူးရစ်ခ်အခြေစိုက်အဖွဲ့အစည်းက “ဖီဖာစည်းကမ်းထိန်းသိမ်းရေးကော်မတီဟာ စပိန်ဘောလုံးအဖွဲ့ချုပ်ရဲ့ ဥက္ကဌဟောင်း ရူဘီယာလက်စ်ကို နိုင်ငံတကာအဆင့် ဘောလုံးနဲ့ပတ်သက်တဲ့ လှုပ်ရှားမှုအားလုံးမှ ၃ နှစ်ကြာပိတ်ပင်လိုက်ပါတယ်” လို့ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဖီဖာက အဆိုပါဆုံးဖြတ်ချက်ကို တနင်္လာနေ့မှာ ရူဘီယာလက်စ်ထံ အသိပေးအကြောင်းကြားခဲ့ပါတယ်။ 

ထုတ်ပြန်ချက်အရ ဆုံးဖြတ်ချက်ဟာ ဖီဖာရဲ့ အယူခံကော်မတီရှေ့မှာ ဖြစ်နိုင်ချေရှိတဲ့အယူခံမှုမတင်သွင်းမီအထိ ကျန်ရှိနေမှာဖြစ်ပါတယ်။ ဆက်လက်ပြီး ဖီဖာက "လူသားအားလုံးရဲ့ ဂုဏ်သိက္ခာကို လေးစားပြီး ကာကွယ်နိုင်ဖို့ သင့်တင့်လျောက်ပတ်တဲ့ အကျင့်စာရိတ္တဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာစေမှာဖြစ်တယ်" လို့ဆိုပါတယ်။ 

အဆိုပါ အနမ်းပြဿနာဟာ စပိန်နိုင်ငံမှာ ကျယ်ကျယ်ပြန့်ပြန့်သက်ရောက်မှုရှိခဲ့ပြီး အမျိုးသမီးအဖွဲ့များရဲ့ စီမံခန့်ခွဲမှုအပိုင်းတွေကို လှုပ်ခတ်သွားစေကာ အမျိုးသမီးဝါဒီများနဲ့ ကျောင်းသားအုပ်စုများရဲ့ ဆန္ဒပြမှုတွေကိုပါ ဖြစ်ပွားစေခဲ့ပါတယ်။ အမျိုးသမီးကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ စပိန်အသင်းက အင်္ဂလန်အသင်းကို ၁-၀ နဲ့အနိုင်ရရှိခဲ့ပြီးနောက် စပိန်ဘောလုံးအဖွဲ့ချုပ်က ရူဘီယာလက်စ်ရဲ့ ဟာမိုဆိုကိုနမ်းခဲ့တဲ့အနမ်းနဲ့ပတ်သက်ပြီး "ချစ်ခင်ကြင်နာမှုနဲ့ ဂုဏ်ပြုခြင်းအတွက် သဘာဝကျတဲ့အပြုအမူဖြစ်တယ်" လို့ကနဦးမှာကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ 

အဆိုပါအပြုအမူအတွက် ရူဘီယာလက်စ်ဟာ အနူးအညွတ်တောင်းပန်ခဲ့သော်လည်း နောက်ပိုင်းမှာ‌တော့ ဟာမိုဆိုဟာ ကြည်ကြည်သာသာခွင့်ပြုခဲ့တယ်ဆိုတဲ့ရပ်တည်ချက်ကိုခိုင်မာစေခဲ့ပြီး ကစားသမားကို ကိုယ်ပိုင်ကြေညာချက်ထုတ်ပြန်ရန် တွန်းအားပေးခဲ့တာဖြစ်ပါတယ်။ ထို့နောက် မှာတော့ ဟာမိုဆိုက အတင်းအကြပ်ကျူးလွန်ခြင်းခံခဲ့ရတယ်လို့ ထုတ်ပြန်လာခဲ့ပြီး တစ်ရက်အကြာမှာ အဖွဲ့ချုပ်က ကစားသမားကို လိမ်လည်မှုနဲ့ တရားစွဲနိုင်ကြောင်း ခြိမ်းခြောက်ခဲ့ပါတယ်။ 

သို့သော် ပြီးခဲ့တဲ့နှစ်က အာဏာရှင်ဆန်ဆန် နည်းလမ်းများကြောင့် မေးခွန်းထုတ်ခံခဲ့ရတဲ့ ကမ္ဘာ့ဖလားဆုရှင် စပိန်နည်းပြ ဂျော့ဗီလ်ဒါဟာလည်း ရူဘီယာလက်စ်ကို အပြည့်အဝထောက်ခံခဲ့ပြီးနောက် အလုပ်ဖြုတ်ခံရကာ အမျိုးသမီးနည်းပြ မွန့်စ်တိုမီနဲ့ အစားထိုးခြင်းခံခဲ့ရပါတယ်။ စပိန်သတင်းများအရ ဗီလ်ဒါဟာ အမျိုးသမီးကစားသမားတွေရဲ့ ဈေးဝယ်အိတ်တွေကို စစ်ဆေးရန်‌တောင်းဆိုခဲ့တဲ့အပြင် လေ့ကျင့်ရေးကွင်းမှာ ကစားသမားတွေကိုရှိနေကြောင်းသေချာစေရန် အိပ်ခန်းတံခါးတွေကို ဖွင့်ပြီးအိပ်ကြစေဖို့ တောင်းဆိုခဲ့တယ်လို့သိရှိရပါတယ်။ 

ရူဘီယာလက်စ်နဲ့ ဗီလ်ဒါတို့ကို ဖယ်ရှားလိုက်ပြီဖြစ်သော်လည်း စပိန်အမျိုးသမီးအသင်းဟာ အဖွဲ့ချုပ်ရဲ့လုပ်ဆောင်ချက်တွေက လျင်မြန်စွာပြောင်းလဲခြင်းမရှိလို့ လုပ်ကြံရန်ခြိမ်းခြောက်မှုတွေနဲ့ ကြုံတွေ့ရနိုင်တာကြောင့် စိုးရိမ်နေကြကြောင်း ဖော်ပြခဲ့ကြပါတယ်။ ဟာမိုဆိုဟာ ပြီးခဲ့တဲ့သောကြာနေ့က နိုင်ငံအသင်းအတွက် ပြန်လည်ကစားခဲ့ပြီး အီတလီကို ၁-၀ နဲ့အနိုင်ရရှိခဲ့တဲ့ နေရှင်းလိဂ်ပွဲစဉ်မှာ အနိုင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ပွဲအပြီးမှာ သူမက "ကျွန်မကြုံတွေ့ခဲ့ရတာတွေအများကြီးကို ပြောပြနိုင်ပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ ဘဝက ကျွန်မတို့ကို လက်ဆောင်သေးသေးလေးတွေပေးလေ့ရှိပါတယ်။ ဒီနေ့ ဒီအချိန်မှာတော့ ကျွန်မနောက်မှာ လူတွေအများကြီးရှိနေပါပြီ။ သူတို့ကျေးဇူး‌ကြောင့် ကျွန်မအခုလို ဘောလုံးကိုပျော်ပျော်ရွှင်ရွှင်နဲ့ပြန်ကစားနိုင်ခဲ့တာပါ" လို့ပြောကြားခဲ့ပါတယ်။

#စပိန် #ရူဘီလက်စ်