ဖာနန်ဒက်စ်ကို ယူနိုက်တက်အသင်းခေါင်းဆောင်နေရာကနေ ဖယ်ထုတ်ပေးဖို့ တောင်းဆိုလိုက်တဲ့ ရွိုင်ကိန်း
1:03 PM, 30 October
မန်ချက်စတာဒါဘီမှာ မန်စီးတီးကို ၃ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ဘရူနိုဖာနန်ဒက်စ်ကို ယူနိုက်တက်အသင်းခေါင်းဆောင်းရာထူးကနေဖယ်ရှားသင့်တယ်လို့ ရွိုင်ကိန်းက အခိုင်အမာပြောဆိုလာခဲ့ပါတယ်။
မန်စီးတီးဟာ အိုးလ်ထရက်ဖို့ဒ်မှာ ဟာလန်း၊ ဖိုဒန်တို့ရဲ့သွင်းဂိုးတွေနဲ့အတူ ယူနိုက်တက်ကို ၀-၃ နဲ့းဂိုးပြတ်အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ယခုနိုင်ပွဲကြောင့် မန်စီးတီးဟာ အမှတ်ပေးဇယားထိပ်ဆုံးက တော့တင်ဟမ်နဲ့ ၂ မှတ်အကွာ တတိယနေရာသို့တက်လှမ်းနိုင်ခဲ့ပြီး ယူနိုက်တက်ကတော့ အဆင့် ၈ နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။ ဒါကြောင့် ပွဲအပြီးမှာတော့ ဂျေမီကာရေဂါနဲ့ ရွိုင်ကိန်းတို့က ဖာနန်ဒက်စ်ကို ယူနိုက်တက်အသင်းခေါင်းဆောင်နေရာကနေ ဖယ်ရှားသင့်တယ်လို့ အခိုင်အမာပြောကြားလာခဲ့ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နွေရာသီမှာ ဟယ်ရီမက်ဂွါရီထံမှ အသင်းခေါင်းဆောင်လက်ပတ်ကို လွှဲပြောင်းရယူခဲ့တဲ့ ဖာနန်ဒက်စ်နဲ့ပတ်သက်ပြီး ကာရေဂါက “အဲရစ်တန်ဟက် ဆုံးဖြတ်ချက်ကြီးကြီးမားမားချလိုက်မိတာက ယူနိုက်တက်အသင်းခေါင်ဆောင်နေရာပါပဲ။ ဘရူနိုဖာနန်ဒက်စ်က ယူနိုက်တက်ရဲ့အသင်းခေါင်းဆောင်မဖြစ်သင့်ပါဘူး။ ကျွန်တော်တို့အခု ယူနိုက်တက်အသင်းခေါင်းဆောင်အစစ်တွေနဲ့အတူတူထိုင်နေကြပါတယ်(ရွိုင်ကိန်းနဲ့ ဂယ်ရီနဗီးလ်)” လို့ပြောကြားခဲ့ပါတယ်။
ရွိုင်ကိန်းကလည်း “ကျွန်တော်ပထမဆုံးပြောချင်တာကတော့ ဖာနန်ဒက်စ်ရဲ့ပုံစံကိုပြန်ကြည့်လိုက်ပါ။ သူ့ကို ယူနိုက်တက် အသင်းခေါင်းဆောင်ရာထူးကနေ ၁၀၀ ရာခိုင်နှုန်း ဖယ်ထုတ်သင့်ပါတယ်။ အသင်းခေါင်းဆောင်နေရာအတွက် ဆုံးဖြတ်ချက်ကြီးကြီးမားမားချရတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမယ့် မက်ဂွါရီနေရာမှာ ဝင်လာတဲ့ ဖာနန်ဒက်စ်ကလည်း အသင်းခေါင်းဆောင်အရည်အသွေးမရှိပါဘူး။ သူက ပါရမီရှင်ကစားသမားတစ်ယောက်ဖြစ်တယ်ဆိုတာတော့ သံသယမရှိပါဘူး။ ဒါပေမယ့် ဒီနေ့မှာ သူ့ကိုမြင်ရတာကအဆင်မပြေပါဘူး။ သူကညီးညူသံတွေ၊ လေထဲမှာလက်ကို မဆက်မပြတ်မြှောက်နေတာတွေက လက်မခံချင်စရာပါ။ သူ့ကို အသင်းခေါင်းဆောင်ရာထူးကနေ ထုတ်ပယ်သင့်ပြီလို့ထင်ပါတယ်။ သူက ထက်မြက်တဲ့ကစားသမားတစ်ယောက်ဖြစ်ပေမယ့် အသင်းကိုဦးဆောင်တဲ့နေရာမှာတော့ ကျွန်တော်တို့လိုချင်တာနဲ့ ဆန့်ကျင်ဘက်ပါပဲ” လို့ပြောကြားခဲ့ပါတယ်။
#မန်ချက်စတာယူနိုက်တက် #ရွိုင်ကိန်း #ပရီးမီးယားလိဂ်