ရှေ့သို့
Image

ဖောရက်စ်ကို အနိုင်ရရှိပြီးနောက် ဒီယက်ဇ်ရဲ့အခြေအနေကို ထုတ်ပြောလာတဲ့ ဂျိုတာ

9:09 AM, 30 October

လီဗာပူးကြယ်ပွင့်ဂျိုတာက အသင်းဖော်လူးဝစ်ဒီယက်ဇ်ရဲ့မိဘနှစ်ပါး ပြန်ပေးဆွဲခံရပြီးနောက် စိတ်ကူးထဲမှာပင် မတွေးမိထားတဲ့ အခြေအနေတွေအကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။

လွန်ခဲ့တဲ့စနေနေ့မှာပဲ ကိုလံဘီယာအာဏာပိုင်တွေက ဒီယက်ဇ်ရဲ့ မိဘနှစ်ပါး ပြန်ပေးဆွဲခံရတယ်လို့ အတည်ပြုကြေညာခဲ့ပါတယ်။ လတ်တလောမှာတော့ ကစားသမားရဲ့မိခင် ပြန်လည်လွတ်မြောက်လာပြီဖြစ်ပေမယ့် ဖခင်ဖြစ်သူကတော့ ပြန်ပေးသမားတွေရဲ့လက်ထဲမှာ ရှိနေဆဲပဲလို့ အာဏာပိုင်တွေက ဆိုပါတယ်။

ဒီနောက်မှာတော့ အသက်-၂၆ နှစ်အရွယ်ကစားသမားဟာ နော်တင်ဟမ်ဖောရက်စ်နဲ့ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် လီဗာပူးအသင်းလူစာရင်းမှာ မပါဝင်လာခဲ့ပါဘူး။

အခုပွဲစဉ်အတွက် ဒီယက်ဇ်ရဲ့နေရာမှာ ဂျိုတာက ပွဲထွက်လာခဲ့ပြီး အသင်းအတွက် အဖွင့်ဂိုးကိုလည်း သွင်းယူပေးခဲ့ပါတယ်။ အဖွင့်ဂိုးသွင်းယူပြီးနောက် ပေါ်တူဂီကြယ်ပွင့်က ဒီယက်ဇ်ရဲ့ဂျာစီကို ကိုင်မြှောက်ကာ အားပေးနှစ်သိမ့်ခဲ့သလို ပွဲစဉ်အပြီး အခြေအနေတွေကိုလည်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။

“ ဒီယက်ဇ်က ဟိုတယ်မှာ ကျွန်တော်တို့နဲ့အတူ ရှိနေခဲ့ပြီးနောက် အိမ်ပြန်သွားခဲ့ပါတယ်။ ဒါက အရမ်းခက်ခဲတဲ့ အခြေအနေတစ်ခုဖြစ်ပြီး ကိုယ်တိုင်ကြုံတွေ့လာသူတစ်ဦးဦးအနေနဲ့ ဘယ်လိုမျိုးတုံပြန်သွားမလဲဆိုတာ ကျွန်တော်လည်း မသိပါဘူး။

ကျွန်တော်က သူ့အစား ကစားခဲ့ရပြီး ကျွန်တော်တို့ သူနဲ့အတူရှိနေတာနဲ့ အရာရာတိုင်း အကောင်းဆုံးဖြစ်လာဖို့ မျှော်လင့်ထားတာကို ပြသဖို့ ဒီယက်ဇ်ရဲ့ဂျာစီကို ကိုင်မြှောက်ပြီးတော့ပြသခဲ့တာပါ။

ဒါမျိုးတွေ ဖြစ်လာလိမ့်မယ်လို့ ဘယ်သူကမှ စိတ်ကူးထဲမှာတောင် မတွေးထားခဲ့ပါဘူး။ ကျွန်တော်တို့က သူ့ကို အားပေးထောက်ခံပြီး သူနဲ့အတူ ရှိနေတယ်ဆိုတာကိုပဲ ပြသနိုင်ပါတယ်”လို့ ဂျိုတာက BBC Sport နဲ့တွေ့ဆုံချိန် ပြောပါတယ်။

အခုအမှုအခင်းကိစ္စဆက်ရှိနေဆဲအချိန်မှာ ဒီယက်ဇ်ကို အသင်းအတွက် ယာဂန်ကလော့ပ်က ကစားခွင့်ပေးမလားဆိုတာတော့ မသိရသေးပါဘူး။ လီဗာပူးက လာမယ့်ဗုဒ္ဓဟူးနေ့မှာ ဘုန်းမောက်နဲ့ ကာရာဘောင်ဖလားပွဲစဉ် ယှဉ်ပြိုင်ကစားရဖို့ ရှိပါတယ်။

#လီဗာပူး #ဂျိုတာ #ဒီယက်ဇ်