ရှေ့သို့
Image

ဒေါ့မွန်ရဲ့ သင်ခန်းစာပေးခြင်းကိုခံလိုက်ရတယ်လို့ ဝန်ခံလာတဲ့ ဟိုဝီ

4:15 PM, 26 October

နယူးကာဆယ်နည်းပြ ဟိုဝီက ယမန်နေ့ညက  ဒေါ့မွန်ကို ၀-၁ နဲ့ ရှုံးနိမ့်ခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ သင်ခန်းစာကောင်းကောင်းရရှိခဲ့တယ်လို့ ဝန်ခံပြောကြားလာခဲ့ပါတယ်။

ပထမပိုင်းပြီးကာနီး ဒေါ့မွန်ကွင်းလယ်လူ ဖီးလစ်ဇ်အန်မီချာရဲ့တစ်လုံးတည်းသော သွင်းဂိုးကြောင့် နယူးကာဆယ်ဟာ လက်ရှိရာသီချန်ပီယံလိဂ်မှာ ပထမဆုံးအကြိမ် ရှုံးပွဲကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ယခုပွဲမှာဒေါ့မွန်ဟာ ဂိုးရရှိဖို့ အခွင့်အရေးတွေအများအပြားရရှိခဲ့သော်လည်း ဂိုးကံခေခဲ့တာကြောင့် သွင်းဂိုးရယူနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။

ယခုရှုူံးပွဲကြောင့် နယူးကာဆယ်ဟာ အုပ်စုရဲ့တတိယနေရာသို့ ရောက်ရှိသွားခဲ့ပြီး အသင်းသမိုင်းတစ်လျှောက်ပထမဆုံး အကြိမ် ချန်ပီယံလိဂ်ရှုူံးထွက်အဆင့်သို့ တက်ရောက်နိုင်ဖို့ နောက်ပွဲတွေမှာ ကြိုးစားရုန်းကန်ဖို့လိုအပ်နေပြီဖြစ်ပါတယ်။ ပွဲအပြီးမှာ အသင်းနည်းပြ ဟိုဝီက ၎င်းတို့ဟာကံမကောင်းစွာနဲ့ ဒေါ့မွန်ကို ရှုံးနိမ့်ခဲ့သော်လည်း ယခုရှုံးပွဲကနေ သင်ခန်းစာရယူသွားမယ်လို့ ဝန်ခံပြောကြားလာခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ ဟိုဝီက “ဒီပြိုင်ပွဲကအမြဲတမ်းခက်ခဲနေတာပါ။ အုပ်စုထဲမှာ ထိပ်တန်းအသင်းတွေချည်းပါပဲ။ ဒီညမှာတော့ အထူးသဖြင့် အိမ်ကွင်းမှာရှုံးနိမ့်ခဲ့ရတာပါ။ ဒီပွဲကနေ သင်ခန်းစာကောင်းကောင်းယူသွားမှာပါ။ ကံမကောင်းစွာနဲ့ အနိုင်ရလဒ်က ကျွန်တော်တို့ဘက်မှာရှိမနေခဲ့ပါဘူး။ ဒုတိယပိုင်းအစမှာ အခွင့်အရေးရခဲ့ပြီး ဘားတန်းကို ၂ ကြိမ်တိုင်တိုင်ထိမှန်ခဲ့ပေမယ့် ဂိုးတော့မရရှိခဲ့ပါဘူး။ ကျွန်တော့်တို့ ကစားသမားတွေပြောသလိုပဲ ကျွန်တော်တို့ဘယ်တော့မှအရှုံးမပေးပါဘူး။ မှန်ကန်တဲ့အရာတွေကို ဆက်လက်လုပ်ဆောင်သွားမှာပါ။ ကျွန်တော်တို့က ဂိုးပေါက်ခြိမ်းခြောက်မှုပဲပြုလုပ်နိုင်ခဲ့ပါတယ်။ ဒီအဆင့်နဲ့ရပ်တန့်နေရင် ဒီလိုပြိုင်ပွဲမျိုးမှာ ရလဒ်ကောင်းရဖို့မလွယ်ပါဘူး။ ဒီပွဲမှာကျွန်တော်တို့အမှားတွေလုပ်ခဲ့မိတယ်ဆိုတာ ဝန်ခံပါတယ်။ သင်ခန်းစာကောင်းကောင်းယူသွားမှာပါ” လို့ပြောကြားခဲ့ပါတယ်။

ယခုချန်ပီယံလိဂ်ပွဲစဉ်မှာ နယူးကာဆယ်ဟာ အရှုံးရလဒ်ကိုတွေ့ကြုံခဲ့ရရုံသာမက အသင်းရဲ့အဓိက တိုက်စစ် ကစားသမားတွေဖြစ်တဲ့ အလန်ဇန်းဒါးအီဆက်နဲ့ ဂျာကော့ဘ်မာဖီတို့ကလည်း ဒဏ်ရာအသီးသီး ရရှိခဲ့ကြတာဖြစ်ပါတယ်။ ဆွီဒင်လက်ရွေးစင်တိုက်စစ်မှူး အီဆက်ရဲ့ပေါင်ခြံဒဏ်ရာက မပြင်းထန်သော်လည်း မာဖီကတော့ ပခုံးအဆစ်လွဲသွားခဲ့တာကြောင့် အချိန်အတော်ကြာ အနားယူရဖွယ်ရှိနေပါတယ်။

သို့သော်ဟိုဝီကတော့ ဒဏ်ရာပြဿနာတွေအပေါ် အပြစ်တင်လိုခြင်းမရှိဘဲ အသင်းကိုတတ်နိုင်သလောက်ပြန်လည်စုစည်းနိုင်ဖို့ကြိုးစားသွားမယ်လို့ဆိုပါတယ်။ ၎င်းက “ဒဏ်ရာတစ်ချို့က ခေါင်းစားစရာဆိုပေမယ့် ကျွန်တော်တို့ အဆင်ပြေအောင် ညှိနှိုင်းသွားမှာပါ။ ကစားသမားတွေကို အမြန်ဆုံးပြန်လည်စုစည်းသွားမှာပါ။ ကျွန်တော်တို့က ချန်ပီယံလိဂ်မှာရော ပရီးမီးယားလိဂ်မှာပါ အရမ်းကောင်းတဲ့ အခြေအနေမှာရှိနေပါသေးတယ်။ ဒေါ့မွန်နဲ့ပြန်ကစားရမယ့်ပွဲစဉ်က အလွန်ပဲအရေးကြီးပါတယ်။ လာမယ့် အဝေးကွင်းပွဲစဉ် ၂ ပွဲကလည်း မလွယ်ပါဘူး။ ကျွန်တော်တို့က လိဂ်ကို အရမ်းခက်ခဲတဲ့နည်းလမ်းနဲ့ချဉ်းကပ်နေပါတယ်။ ကျွန်တော်တို့ကစားသမားတွေက အလွန်ရိုးသားကြပြီး နိုင်ပွဲရရှိဖို့ ခန္ဓာကိုယ်ကို အလွန်အမင်းအသုံးပြုခဲ့တာကြောင့် ဝုဗ်နဲ့ပွဲစဉ်မှာတော့ အဆင်သင့်ဖြစ်ဖို့ အားမွေးကြရပါဦးမယ်” လို့ပြောကြားခဲ့ပါတယ်။

ဒေါ့မွန်ကိုရှုံးနိမ့်ခဲ့ပြီးနောက် နယူးကာဆယ်ဟာ နောက် ၂ ပတ်အကြာမှာ ၄ ပွဲမြောက် ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဒေါ့မွန်နဲ့ ပြန်လည်ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

#နယူးကာဆယ် #ဒေါ့မွန် #ချန်ပီယံလိဂ် #ဟိုဝီ