ရှေ့သို့
Image

ဆဲလ်တစ်နဲ့ ချန်ပီယံလိဂ်ပွဲက လုပ်ရပ်ကြောင့် ဝေဖန်ခံနေရတဲ့ ဆီမြွန်နီ

2:17 PM, 26 October

အက်သလက်တီကိုမက်ဒရစ်နည်းပြ ဆီမြွန်နီရဲ့ ချန်ပီယံလိဂ်ပွဲအပြီး လုပ်ရပ်ဟာ အားကစားသမားစိတ်ဓာတ်မဆန်ဘူးလို့ ဝေဖန်ခံနေရပါတယ်။ ဆဲလ်တစ်အသင်းဟာ ဗုဒ္ဓဟူးနေ့ညတုန်းက ချန်ပီယံလိဂ်ပထမဆုံးသရေ ၁ မှတ်ကို ရရှိခဲ့တာဖြစ်ပေမယ့် သူတို့အနေနဲ့ ၃ မှတ်ပြည့်ရသင့်တယ်လို့ ပြောကြားလိုက်တာဖြစ်ပါတယ်။

ဆဲလ်တစ်အသင်းအတွက် ဦးဆောင်ဂိုးကို ကာယိုဂိုက ပွဲကစားချိန် ၄ မိနစ်မှာ သွင်းယူပေးခဲ့ပေမယ့် ဂရစ်ဇ်မန်းက ၂၅ မိနစ်မှာ ချေပဂိုးပြန်လည်သွင်းယူခဲ့ပါတယ်။ အဲ့နောက် ပွဲကစားချိန် ၂၈ မိနစ်မှာ လူးဝစ်ပယ်လ်မာက ဦးဆောင်ဂိုး ထပ်မံသွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ တီကိုအသင်းပြန်လာနိုင်ခဲ့ပြီး တိုက်စစ်မှူး မိုရာတာက ချေပဂိုးပြန်လည်သွင်းယူခဲ့ပါတယ်။

ပွဲအပြီးမှာ ဆီမြွန်နီက အဆိုပါရလဒ်အတွက် ကျေနပ်မှုမရှိတာဖြစ်ပါတယ်။ ထွက်ပေါ်လာတဲ့ဗီဒီယိုထဲမှာလည်း ဆီမြွန်နီဟာ ရော်ဂျာကို လက်ဆွဲမနှုတ်ဆက်ပဲ ဥမင်ထဲတန်းဝင်မယ့်ပုံစံမျိုး ဖြစ်ခဲ့တာဖြစ်ပါတယ်။

“ဒီနေ့ညမှ ဆီမြွန်နီဆီကနေ အဆင့်အတန်းမဲ့တဲ့လုပ်ရပ်မျိုးမြင်ခဲ့ရပါတယ်။ ရော်ဂျာက  လက်ဆွဲနှုတ်ဆက်တာတောင် သူက အားကစားစိတ်ဓာတ်မရှိခဲ့ပါဘူး”လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပါတယ်။ နောက်ထပ်တစ်ဦးကလည်း “ဆီမြွန်နီရဲ့သိမ်ဖျင်းတဲ့အပြုအမူပါ။ ယူအီးအက်ဖ်အေ အနေနဲ့ ကတ်တစ်ခုခုပြသင့်ပါတယ်”လို့ ရေးသားခဲ့ပါတယ်။
၂၀၂၁ တုန်းက လီဗာပူးအသင်း တီကိုအသင်းကို ၃-၂ နဲ့အနိုင်ရတုန်းကလည်း ကလော့ပ်ရဲ့လက်ဆွဲနှုတ်ဆက်တာကို ဆီမြွန်နီ ငြင်းဆန်ခဲ့သေးတာဖြစ်ပါတယ်။

“ပွဲအပြီးမှာ ကျွန်တော် အဲ့လိုနှုတ်ဆက်ရတာကို မကြိုက်ပါဘူး။ ဘာလို့လဲဆိုတော့ ၂ သင်းကြားမှာ မတူညီတဲ့ ခံစားချက်ရှိနေတာကြောင့်ပါ။ ယူကေမှာက အဲ့တာထုံးစံဆိုပေမယ့် ကျွန်တော်ကတော့ မကြိုက်ပါဘူး။ ကလော့ပ်ကို လူပုဂ္ဂိုလ်တစ်ဦး အနေနဲ့ကော နည်းပြကောင်းတစ်ဦးအနေနဲ့ပါ သိပါတယ်။ သူအသင်းတိုင်းမှာ အကောင်းဆုံး လုပ်ဆောင်ခဲ့ပါတယ်”လို့ ဆီမြွန်နီက ပြောကြားခဲ့သေးတာဖြစ်ပါတယ်။

#အက်သလက်တီကို #ဆီမြွန်နီ #ချန်ပီယံလိဂ် #ဆဲလ်တစ်