ရှေ့သို့
Image

ဒီဂီယာကို ကာလတိုစာချုပ်နဲ့ပြန်လည် ကမ်းလှမ်းဖို့ပြင်ဆင်နေတဲ့ ယူနိုက်တက်

1:26 PM, 26 October

မန်ချက်စတာယူနိုက်တက်ဟာ လွန်ခဲ့တဲ့ ၃ လအကြာက အသင်းနဲ့စာချုပ်သက်တမ်း ကုန်ဆုံးပြီး ထွက်ခွာသွားခဲ့တဲ့ ဂိုးသမားဟောင်း ဒေးဗစ်ဒီဂီယာကို အံ့အားသင့်ဖွယ်ပြန်လည် ခေါ်ယူဖို့ကြိုးစားနေပြီး ကာလတိုစာချုပ်တစ်ရပ်ကိုပြင်ဆင်နေပြီလို့ သိရပါတယ်။

လက်ရှိအသင်းရဲ့ နံပါတ် ၁ ဂိုးသမား အန်ဒရေအိုနာနာက လာမယ့်နှစ်သစ်ကူးမှာ နိုင်ငံ့လက်ရွေးစင်ကင်မရွန်းအသင်းနဲ့ အတူ အာဖရိကဖလားပြိုင်ပွဲတွေမှာ ပါဝင်သွားဖို့ရှိနေတာကြောင့် ယူနိုက်တက်ဟာ အိုနာနာကို ကာလတစ်ခုအကြာ လက်လွှတ်ရဖွယ်ရှိနေတာဖြစ်ပါတယ်။ အိုနာနာဟာ လက်ရွေးစင်ဂိုးသမားဘဝမှ အနားယူခဲ့ပြီလို့ ကြေညာခဲ့သော်လည်း ယခုအခါ ပြန်လည် ပါဝင်နိုင်ဖို့ပြင်ဆင်နေတာကြောင့် ယူနိုက်တက်အတွက် အခက်ကြုံလာခဲ့တာဖြစ်ပါတယ်။

အာဖရိကဖလားပြိုင်ပွဲဟာ ဇန်နဝါရီ ၁၃ ရက်နေ့မှ ဖေဖော်ဝါရီ ၁၁ ရက်နေ့အထိ ဖြစ်တာကြောင့် ယူနိုက်တက်အနေနဲ့ ၎င်းတို့ရဲ့ ပေါင် ၄၄ သန်းတန်ဂိုးသမားကို ပွဲစဉ် ၈ ပွဲလောက်အထိ လက်လွှတ်ရဖို့ရှိနေပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့နွေရာသီမှာ ကလပ်ကနေထုတ်ပယ်ခဲ့ပြီး ယခုချိန်အထိအသင်းလက်မဲ့ဖြစ်နေတဲ့ ဒီဂီယာကို ပြန်လည်ကမ်းလှမ်းဖို့ပြင်ဆင်နေတာဖြစ်ပါတယ်။

အသက်-၃၂ အရွယ် ပရိသတ်အချစ်တော် စပိန်ဂိုးသမားဟာ အိုးလ်ထရက်ဖို့ဒ်မှာ ၁၂ နှစ်ကြာကစားခဲ့ပြီး စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှာတော့ ဆက်လက်သက်တမ်းတိုးနိုင်ခြင်းမရှိဘဲ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နွေရာသီက ယူနိုက်တက်ဟာ ဒီဂီယာကို အသင်းမှာဆက်နေရန် ၎င်းရဲ့တစ်ပတ်လုပ်ခ ပေါင် ၃ သိန်း ၇ သောင်းမှ ပေါင် ၂ သိန်းအထိလျှော့ချဖို့ ညှိနှိုင်းခဲ့သော်လည်း ဒီဂီယာက သဘောတူညီခြင်းမရှိဘဲ ပယ်ချခဲ့တာဖြစ်ပါတယ်။ သို့သော် ယူနိုက်တက်ဟာ အင်တာမီလန်မှ  အိုနာနာကို မခေါ်ယူမနိုင်မချင်း ဒီဂီယာကို အခြားကလပ်တစ်ခုသို့ ပြောင်းရွှေ့ခြင်းမပြုလုပ်ဖို့အံ့အားသင့်ဖွယ်တောင်းဆိုခဲ့ပါတယ်။

အဆိုပါလုပ်ရပ်ဟာ အသင်းရဲ့သမိုင်းမှာ ကာလအကြာရှည်ဆုံး ဂိုးသမားအဖြစ် စံချိန်တင်နေထိုင်ခဲ့တဲ့အပြင် ပရီးမီးယားလိဂ် ရွှေလက်အိတ်ဆုကို ပူပူနွေးနွေးဆွတ်ခူးထားတဲ့ ဒီဂီယာအတွက် အင်မတန်ညံ့ဖျင်းတဲ့ဆက်ဆံမှုဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဖီနာဘာချီဂိုးသမား အယ်လ်တေးဘယင်ဒါကို ပေါင် ၄ ဒဿမ ၃ သန်းနဲ့ခေါ်ယူထားခဲ့သော်လည်း အိုနာနာမရှိချိန်မှာတော့  တွမ်ဟီတန်ကိုသာ ဦးစားပေးကစားသမားအဖြစ် ပွဲထုတ်သွားမှာဖြစ်ပါတယ်။

မကြာသေးမီက မန်ချက်စတာမှာ ဒီဂီယာနဲ့ ဆုံတွေ့ခဲ့တဲ့ ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ၎င်းတို့ရဲ့ဂိုးသမားဟောင်းဟာ သင့်တော်တဲ့နေရာကို မရောက်ရှိခဲ့ဘူးလို့ ဝမ်းနည်းစကားပြောကြားခဲ့ပါတယ်။ ဒါကြောင့် လက်ရှိယူနိုက်တက်ပြင်ဆင်နေတဲ့ ကာလတိုစာချုပ်ကမ်းလှမ်းချက်ဟာ အတည်ဖြစ်လာဖို့ အလားအလာများနေပါတယ်။

အသင်းရဲ့ပရိသတ်တွေကလည်း ဒီဂီယာဟာ အိုနာနာလိုပဲ အသင်းရဲ့ဂိုးပေါက်ကို ကာကွယ်ပေးမယ့် အသင့်တော်ဆုံး ဂိုးသမားဖြစ်တယ်လို့ယူဆနေကြပါတယ်။ အင်တာမီလန်ကြယ်ပွင့်ဟောင်း အိုနာနာဟာ ပြီးခဲ့တဲ့ ကိုပင်ဟေဂင်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ နောက်ဆုံးမိနစ်မှာ ပေးလိုက်ရတဲ့ ပင်နယ်တီကို ကာကွယ်နိုင်ခဲ့ပြီး ယူနိုက်တက်ရဲ့ သူရဲကောင်းဖြစ်လာခဲ့တာဖြစ်ပါတယ်။

အဆိုပါပွဲစဉ်မှာယူနိုက်တက်ဟာ နောက်ခံလူ ဟယ်ရီမက်ဂွါရီရဲ့ တစ်လုံးတည်းသောသွင်းဂိုးကြောင့် ၁-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဒီဂီယာ #ပရီးမီးယားလိဂ်