ရှေ့သို့
Image

ကိုပင်ဟေဂင်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ အရေးပါသော ကယ်တင်မှုတွေကိုပြုလုပ်ခဲ့တဲ့ မက်ဂွါရီနဲ့ အိုနာနာတို့ကို တန်ဟက် ချီးကျူး

2:05 PM, 25 October

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေရဲ့ ပစ်မှတ်ထားဝေဖန်မှုကို အများဆုံးကြုံတွေထားရတဲ့ အသင်းရဲ့နောက်ခံလူ ဟယ်ရီမက်ဂွါရီနဲ့ ဂိုးသမား အန်ဒရေအိုနာနာတို့ဟာ ယနေ့နံနက်အစောပိုင်းက ကိုပင်ဟေဂင်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ချန်ပီယံလိဂ်ပွဲစဉ်မှာ ကယ်တင်မှုတွေ အသီးသီးပြုလုပ်ခဲ့ကြတာကြောင့် ဝေဖန်သံတွေကို တိတ်ဆိတ်စေခဲ့ပြီး အသင်းရဲ့မန်နေဂျာ အဲရစ်တန်ဟက်ရဲ့ ချီးကျူးပြောဆိုမှုတွေကိုပါ လက်ခံရရှိခဲ့ကြတာ ဖြစ်ပါတယ်။

ပွဲကစားချိန် ၇၂ မိနစ်မှာ မက်ဂွါရီက ယူနိုက်တက်အတွက်တစ်လုံးတည်းသောအနိုင်ဂိုးကို ခေါင်းတိုက် သွင်းယူပေးခဲ့တာဖြစ်ပြီး၊ ပွဲပြီးဆုံးကာနီး နောက်ဆုံးမိနစ်မှာတော့ အိုနာနာက ကိုပင်ဟေဂင်မှ လာဆန်ရဲ့ပင်နယ်တီ ကန်ချက်ကို ပုတ်ထုတ်ကာကွယ်ခဲ့တာဖြစ်ပါတယ်။ အဆိုပါကစားသမား ၂ ဦးကြောင့် ယူနိုက်တက်ဟာ ယခုရာသီပထမဆုံးအကြိမ် ချန်ပီယံလိဂ်နိုင်ပွဲရရှိခဲ့ပြီး ရမှတ် ၃ မှတ်စတင်ရရှိခဲ့ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရှက်ဖီးလ်ယူနိုက်တက်နဲ့ပွဲစဉ်မှာကတည်းက စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့တဲ့ မက်ဂွါရီကို ယခုပွဲစဉ်အပြီးမှာတော့ တန်ဟက်က ချီးကျူးပြောဆိုမှုတွေပြုလုပ်လာခဲ့တာ ဖြစ်ပါတယ်။ တန်ဟက်က ““သူကဘောလုံးကို ပိုင်ပိုင်နိုင်နိုင်ကိုင်ကစားတဲ့နေရာမှာ ပိုပြီးကျွမ်းကျင်မှုရှိပါတယ်။ ပုံစံအမျိုးမျိုးနဲ့ဘောလုံးပေးပို့တာတွေ၊ ခုခံကာကွယ်တာတွေကို ကောင်းကောင်းလုပ်နိုင်ပြီး တစ်ယောက်ချင်းရင်ဆိုင်ရတဲ့အနေအထားတွေမှာလည်း အလွန်ယုံကြည်မှုရှိပါတယ်။ သူက မှန်ကန်တဲ့အခိုက်အတန့်တွေကို ပါဝင်လာနိုင်ပြီလို့ထင်ပါတယ်။ အဲရစ်ဆင်ရဲ့သပ်ရပ်တဲ့ဖြတ်တင်ဘောကို လည်းအကောင်းဆုံးအဆုံးသတ်နိုင်ခဲ့တယ်လို့ပြောရမှာပါ” လို့ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့နွေရာသီမှာ အင်တာမီလန်မှအိုးလ်ထရက်ဖို့ဒ်သို့ပြောင်းရွှေ့လာခဲ့ပြီးကတည်းက ယူနိုက်တက် ပရိသတ်တွေရဲ့ဝေဖန်မှုကိုတောက်လျှောက်ခံခဲ့ရတဲ့ အိုနာနာဟာ ယခုပွဲစဉ်မှာ ပင်နယ်တီကို ကာကွယ်ပြီး ယူနိုက်တက်ကိုကယ်တင်နိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒါကြောင့် တန်ဟက်က “သူ့ရဲ့ပင်ကိုယ်စွမ်းရည်ကို ပြသနိုင်ခဲ့ပြီး ပြီးခဲ့တဲ့ပွဲတွေမှာ ပြသခဲ့တဲ့စွမ်းဆောင်ရည်တွေက သူ့ရဲ့ပုံမှန်စွမ်းဆောင်ရည်မဟုတ်ဘူးဆိုတာ သူသိပါတယ်။ ပြီးခဲ့တဲ့ ရှက်ဖီးလ်နဲ့ပွဲစဉ်မှာအကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့သလို ဒီနေ့မှာလည်းအတူတူပါပဲ” လို့ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ကိုဆိုးဝါးတဲ့ရလဒ်တွေနဲ့ အစပြုခဲ့သော်လည်း ယခုအခါမှာတော့ ဘရန့်ဖို့ဒ်နဲ့ ရှက်ဖီးလ်ယူနိုက်တက်တို့ကို ၂ ပွဲဆက် အနိုင်ရရှိထားပြီး လာမယ့် တနင်္ဂနွေနေ့မှာ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီးကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာလက်ခံ ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

အဆိုပါဒါဘီပွဲစဉ်နဲ့ပတ်သက်ပြီး တန်ဟက်က “အခုချိန်မှာကျွန်တော်တို့အသင်းက အရှိန်ရနေပြီး တစ်ဦးချင်း စွမ်းဆောင်ရည်ထက် အသင်းလိုက်လုပ်ဆောင်ချက်ကပိုမိုကောင်းမွန်နေတာပါ။ ဒီစွမ်းဆောင်ရည်ကို မန်ချက်စတာဒါဘီကိုယူဆောင်သွားပြီး အားလုံး အတူတကွတိုက်ခိုက်သွားမှာပါ။ ရလဒ်ကောင်းတွေရရှိဖို့ ကျွန်တော်တို့မှာ အခွင့်အရေးတွေအများကြီးရှိပါတယ်” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #မက်ဂွါရီ #အဲရစ်တန်ဟက် #အိုနာနာ #ကိုပင်ဟေဂင်