ရှေ့သို့
Image

အယ်လ်ကလက်စီကိုပွဲစဉ် မတိုင်ခင် ဘယ်လင်ဟမ်ဒဏ်ရာ အခြေအနေကို ဖွင့်ဟပြောဆိုလာတဲ့ နည်းပြ အန်ဆယ်လော့တီ

11:45 AM, 25 October

ဒီနေ့မနက်ပိုင်း ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘရာဂါအသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ရီးရဲလ်မက်ဒရစ်က အုပ်စုအဆင့်ရာနှုန်းပြည့်နိုင်ပွဲဆက်မှုကို ဖော်ဆောင်နိုင်ခဲ့ပေမယ့် တဖက်မှာလည်း မက်ဒရစ်အခြေစိုက်ကလပ်အတွက် အချက်ပေး ခေါင်းလောင်းသံတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အတွက် အားထားရတဲ့ ကစားသမား ဘယ်လင်ဟမ်ဟာ ပွဲချိန်နှောင်းပိုင်းမှာ ပေါင်ခြံဒဏ်ရာ ရရှိတယ်လို့ ယူဆရမှုနဲ့အတူ လူစားလဲလှယ်ခဲ့ရပါတယ်။

ခါးသီပြိုင်ဘက် ဘာစီလိုနာနဲ့ ရင်ဆိုင်ရမယ့် အယ်လ်ကလက်စီကိုပွဲစဉ် လေးရက်သာ လိုအပ်တော့ချိန် ဘယ်လင်ဟမ်ရဲ့အခြေအနေက ရီးရဲလ်မက်ဒရစ်အတွက် စိတ်ပူပန်စရာဖြစ်နေခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲ နည်းပြ အန်ဆယ်လော့တီကတော့ ကစားသမားရဲ့အခြေအနေဟာ စိုးရိမ်ပူပန်စရာမလိုဘူးလို့ ထုတ်ပြောလာကြောင်း Marca သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

“ကွင်းမျက်နှာပြင်အခြေအနေက အဆင်ပြေပြီး ဒါနဲ့ပတ်သက်လို့ ကြီးကြီးမားမားပြဿနာမရှိပါဘူး။ ဘယ်လင်ဟမ်က နည်းနည်းတော့ သက်သောင့်သက်သာ မဖြစ်ခဲ့ဘူး။ သူ အဆင်ပြေပါတယ်”လို့ အန်ဆယ်လော့တီက ဆိုပါတယ်။

ဒါ့အပြင် အီတာလျံဝါရင့်နည်းပြကြီးက ဘရာဂါနဲ့ရင်ဆိုင်ရတဲ့ ပွဲစဉ်အပေါ် အကဲဖြတ်ပေးခဲ့ပြီး သူလိုချင်တဲ့ပုံစံမျိုး သူ့အသင်းအတွက် သက်သောင့်သက်သာ အဆင်ပြေပြေမဖြစ်ခဲ့ဘူးလို့ ပြောပါတယ်။
“ဒီပွဲကတော့ ပွဲကောင်းတစ်ခုပါ။ ကျွန်တော်တို့ ခက်ခက်ခဲခဲတိုက်ပွဲဝင်ခဲ့ရပါတယ်။ အဓိကကတော့ ကျွန်တော်တို့ ပေးလိုက်ရတဲ့ဂိုးပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ဘယ်လင်ဟမ်ရဲ့သွင်းဂိုးနဲ့ လမ်းကြောင်းမှန်ပေါ်ရှိနေခဲ့ပေမယ့် ဒီပေးဂိုးကပဲ ပွဲရဲ့ဟန်ချက်ကို ပြောင်းလဲသွားစေခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ကစားပုံလည်း ပျက်သွားခဲ့ပါတယ်”လို့ အန်ဆယ်လော့တီက ဆက်ပြောခဲ့ပါတယ်။

လက်ရှိမှာ ရီးရဲလ်မက်ဒရစ်နဲ့ အန်ဆယ်လော့တီတို့က အခုသီတင်းပတ်ကုန် အယ်လ်ကလက်စီကိုပွဲစဉ်အပေါ် အာရုံစိုက်ထားနိုင်ပါပြီ။

#ဘရာဂါ #ရီးရဲလ်မက်ဒရစ် #ချန်ပီယံလိဂ် #အန်ဆယ်လော့တီ #ဘယ်လင်ဂမ်