ကိုပင်ဟေဂင်ကို သေချာပေါက်အနိုင်ရရှိမယ်ဆိုတာ ယုံကြည်ခဲ့ပြီးသားဖြစ်တယ်လို့ အခိုင်အမာပြောကြားလာတဲ့ မက်ဂွါရီ
10:34 AM, 25 October
ပြီးခဲတဲ့ စနေနေ့က ကွယ်လွန်သွားခဲ့တဲ့ မန်ချက်စတာယူနိုက်တက်ရဲ့ ကလပ်ဂန္ထဝင် ဆာဘော်ဘီချာလ်တန်ကို ယနေ့နံနက်အစောပိုင်းက အိုးလ်ထရက်ဖို့ဒ်မှာ ဂုဏ်ပြုပွဲပြုလုပ်ရင်း ကိုပေဟင်ဂင်ကို အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကိုသွင်းယူပေးခဲ့တဲ့ နောက်ခံလူဟယ်ရီမက်ဂွါရီက ယခုပွဲစဉ်ကို သေချာပေါက်အနိုင်ရရှိမယ်လို့ ယုံကြည်ခဲ့တယ်လို့ ပြောကြားလာခဲ့ပါတယ်။
ယူနိုက်တက်ကိုကယ်တင်ခဲ့သူတွေထဲမှာ မက်ဂွါရီသာမက အန်ဒရေအိုနာနာပါ ပါဝင်ခဲ့ပြီး ဂိုးသမားဟာ ပွဲပြီးကာနီးမှာ ပေးခဲ့ရတဲ့ပင်နယ်တီပြစ်ဒဏ်ဘောကို သူရဲကောင်းဆန်ဆန်ပုတ်ထုတ်ကာကွယ်ခဲ့တာ ဖြစ်ပါတယ်။ မက်ဂွါရီနဲ့ အိုနာနာတို့ရဲ့ကယ်တင်မှုကြောင့် ယူနိုက်တက်ဟာ ကိုပင်ဟေဂင်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ယခုရာသီပထမဆုံးအကြိမ် ချန်ပီယံလိဂ်မှာ ရမှတ် ၃ မှတ်စတင်ရရှိခဲ့ပြီဖြစ်ပါတယ်။
ပွဲအပြီးအင်တာဗျူးမှာ မက်ဂွါရီက “ဒီပွဲကို သေချာပေါက်အနိုင်ယူမယ်လို့ ရည်ရွယ်ထားခဲ့ပါတယ်။ ဒီလို ကြီးကျယ်ခမ်းနားတဲ့ နိုင်ပွဲက ဆာဘော်ဘီချာလ်တန်နဲ့သူ့ရဲ့မိသားစုအတွက် ရည်ရွယ်ပါတယ်။ ဆာဘော်ဘီလိုလူတစ်ယောက်ကို ဆုံးရှုံးလိုက်ရတာက ကျွန်တော်တို့အတွက် ခက်ခဲတဲ့ ရက်သတ္တပတ်တစ်ခုပါ။ ဒါက အသင်းနဲ့ အသင်းရဲ့စိတ်ဓာတ်ပိုင်းကို ထိခိုက်စေပါတယ်။ ဒါပေမယ့် ဒီနေ့မှာနိုင်ပွဲရရှိခဲ့လို့ တကယ်ကိုကျေနပ်မိပါတယ်” လို့ပြောကြားခဲ့ပါတယ်။
မက်ဂွါရီကို ယူနိုက်တက်နဲ့ အင်္ဂလန်ပရိသတ်တွေက ကြိမ်ဖန်များစွာ ကဲ့ရဲ့လှောင်ပြောင်ခဲ့ကြသော်လည်း နောက်ဆုံးမှာတော့ နောက်ခံလူရဲနာမည်ကို သီချင်းလုပ်သီဆိုရင်း အော်ဟစ်ကြွေးကြော်ခဲ့ကြရပြီဖြစ်ပါတယ်။ ဆက်လက်ပြီး အနိုင်ဂိုးသွင်းရှင်အင်္ဂလန်သားက “မယုံနိုင်စရာပါပဲ။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ပိုပြီးကောင်းလာခဲ့ပါတယ်။ ပထမပိုင်းမှာ ပုံစံကောင်းမရခဲ့ပေမယ့် ဒုတိယပိုင်းမှာ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ၆ လ ၁ နှစ်အတွင်း ကျွန်တော့်ရဲ့လုပ်ဆောင်ချက်တွေကို ကျွန်တော်ဂုဏ်ယူပါတယ်။ အသင်းက ကျွန်တော့်ကိုအခွင့်အရေးပေးခဲ့သလို ကျွန်တော်ကလည်းအသင်းကို ရောက်သင့်တဲ့နေရာရောက်ဖို့ အတတ်နိုင်ဆုံးကူညီပေးသွားမှာပါ”လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်၊ ဂါလာတာစာရေးတို့ကိုရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်တွေမှာ စွမ်းဆောင်ရည်ညံ့ဖျင်းမှုကြောင့် ပရိသတ်တွေရဲ့ ဝေဖန်ပြစ်တင်မှုတွေကိုခံခဲ့ရတဲ့ အိုနာနာဟာ ယခုပွဲစဉ်မှာတော့ နောက်ဆုံးမိနစ်မှာပေးလိုက်ရတဲ့ ပင်နယ်တီကို လက်စွမ်းပြကာကွယ်ပြီး ဝေဖန်သံတွေကို ရပ်တန့်စေခဲ့ပြီဖြစ်ပါတယ်။ ပွဲအပြီးမှာ ကင်မရွန်းလက်ရွေးစင်ဂိုးသမားက “ကျွန်တော့်အလုပ်ကျွန်တော်လုပ်ခဲ့တာပါ။ ကျွန်တော်တို့က ကြီးကျယ်ခမ်းနားတဲ့ မန်ချက်စတာယူနိုက်တက်ပါ။ ချန်ပီယံလိဂ်အုပ်စုအဆင့်ကိုကျော်ဖြတ်နိုင်မယ်ဆိုတာ သံသယမရှိပါဘူး” လို့ပြောကြားခဲ့ပါတယ်။