သူရဲကောင်းဆန်ဆန် ယူနိုက်တက်ကို ကယ်တင်ခဲ့ပြီးနောက် ပရိသတ်တွေရဲ့ ဂုဏ်ပြုကြိုဆိုမှုကို လက်ခံရရှိခဲ့တဲ့ မက်ဂွါရီနဲ့ အိုနာနာ
10:20 AM, 25 October
ယနေ့နံနက်အစောပိုင်းက ကိုပင်ဟေဂင်ကိုအနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်ကို သူရဲကောင်းဆန်ဆန်ကယ်တင်ခဲ့ကြတဲ့ နောက်ခံလူဟယ်ရီမက်ဂွါရီနဲ့ ဂိုးသမားအန်ဒရေအိုနာနာတို့ဟာ ပွဲအပြီးမှာ ယူနိုက်တက် ပရိသတ်တွေရဲ့ မတ်တပ်ရပ်ဂုဏ်ပြုကြိုဆိုမှုတွေကို လက်ခံရရှိခဲ့ပါတယ်။
ယူနိုက်တက်ဟာ မက်ဂွါရီရဲ့တစ်လုံးတည်းသောအနိုင်ဂိုးနဲ့ ကိုပင်ဟေဂင်ကိုအနိုင်ရရှိခဲ့ပြီး ယခုရာသီပထမဆုံးအကြိမ် ချန်ပီယံလိဂ်နိုင်ပွဲကိုဖော်ဆောင်နိုင်ခဲ့ကာရမှတ် ၃ မှတ်စတင်ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ပွဲကစားချိန် ၇၂ မိနစ်မှာ လူစားဝင်ကစားသမား ခရစ်ရှင်အဲရစ်ဆင်ရဲ့ဖြတ်ပေးပို့မှုမှတစ်ဆင့် မက်ဂွါရီက ဦးဆောင်ဂိုးကို ခေါင်းတိုက် သွင်းယူပေးခဲ့ပေမယ့် စကော့မက်တိုမီနေးရဲ့ ပြစ်ဒဏ်ကျူးလွန်မှုမှတစ်ဆင့် ပွဲကစားချိန် ၉၀+၄ မိနစ်မှာတော့ ယူနိုက်တက်တို့ ပင်နယ်တီပေးခဲ့ရတယ်။
သို့သော် ကိုပင်ဟေဂင်မှ ဂျော်ဒန်လာဆန်ရဲ့ပင်နယ်တီကန်ချက်ကို အိုနာနာက သူရဲကောင်းဆန်ဆန်ပုတ်ထုတ်ကာကွယ်နိုင်ခဲ့တာကြောင့် ယူနိုက်တက်ဟာ အနိုင်ရလဒ်ကိုထိန်းသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ ယခုလိုအရေးပါတဲ့စွမ်းဆောင်ချက်ကြောင့် အိုနာနာဟာ ဘိုင်ယန်မြူးနစ်နဲ့ပွဲစဉ်တုန်းကပြုလုပ်မိခဲ့တဲ့အမှားကို ပြန်လည်ချေဖျက်နိုင်ခဲ့ပြီလို့ ဆိုရမှာြဖစ်ပါတယ်။
မက်ဂွါရီနဲ့အိုနာနာတို့ TNT Sports နဲ့အင်တာဗျူးပြုလုပ်ခဲ့ပြီးနောက် ဥမင်လှိုဏ်ခေါင်းတွင်းသို့ဆင်းသွားချိန်မှာ ပရိသတ်တွေက မတ်တပ်ရပ်ပြီး ဂုဏ်ပြုခဲ့ကြတာဖြစ်ပါတယ်။
အင်တာဗျူးမှာပင်နယ်တီကာကွယ်နိုင်ခဲ့မှုနဲ့ ပတ်သက်ပြီးမေးမြန်းခဲ့ရာ အိုနာနာက “ကျွန်တော့်အလုပ်ကျွန်တော် လုပ်ခဲ့တာပါ။ ကျွန်တော်တို့ကမန်ချက်စတာယူနိုက်တက်ပါ။ ချန်ပီယံလိဂ်အုပ်စုအဆင့်ကိုကျော်ဖြတ်နိုင်မယ်ဆိုတာ သံသယမရှိပါဘူး” လို့ပြောကြားခဲ့ပါတယ်။
အနိုင်ဂိုး သွင်းရှင် ဟယ်ရီမက်ဂွါရီကလည်း “မယုံနိုင်စရာပါပဲ။ ဒုတိယပိုင်းမှာ ကျွန်တော်တို့ပိုပြီးကောင်းလာခဲ့ပါတယ်။ ပထမပိုင်းမှာ ပုံစံကောင်းမရခဲ့ပေမယ့် ဒုတိယပိုင်းမှာ အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ၆ လ ၁ နှစ်အတွင်း ကျွန်တော့်ရဲ့လုပ်ဆောင်ချက်တွေကို ကျွန်တော်ဂုဏ်ယူပါတယ်။ အသင်းက ကျွန်တော့်ကိုအခွင့်အရေးပေးခဲ့သလို ကျွန်တော်ကလည်းအသင်းကို ရောက်သင့်တဲ့နေရာရောက်ဖို့ အတတ်နိုင်ဆုံးကူညီပေးသွားမှာပါ” လို့ပြောကြားခဲ့ပါတယ်။
ယခုအခါယူနိုက်တက်ဟာ ချန်ပီယံလိဂ်အုပ်စုရဲ့ တတိယနေရာမှာရပ်တည်နေပြီး ဒုတိယနေရာက ဂါလာတာစာရေးနဲ့ ရမှတ် ၁ မှတ်သာကွာဟနေပါတယ်။ အဲရစ်တန်ဟက်ရဲ့အသင်းအနေနဲ့ အုပ်စုအဆင့်ကိုကျော်ဖြတ်ပြီး ရှုံးထွက်အဆင့်ကို တက်ရောက်သွားနိုင်မလားဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။