ရှေ့သို့
Image

ဂါလာတာစာရေးနဲ့ ပွဲစဉ်မှာ ပြင်းထန်တဲ့ စိန်ခေါ်မှုကြုံတွေ့ရမယ်လို့ ဆိုလိုက်တဲ့ ဘိုင်ယန်နောက်ခံလူ ဒီလစ်

4:00 PM, 24 October

ဘိုင်ယန်မြူးနစ်အတွက် ပုံမှန်ပွဲထွက်ပေးနေပြီဖြစ်တဲ့ နောက်ခံလူဒီလစ်က သူ့ရဲ့အသင်းဟာ ဒီနေ့ညပိုင်း၊ ဂါလာတာစာရေးနဲ့ ပွဲစဉ်အတွင်း ပြင်းထန်တဲ့ စိန်ခေါ်မှုနဲ့ ကြုံတွေ့ရမယ်ဆိုတာ သိရှိထားပါတယ်လို့ ပြောဆိုလိုက်ပါတယ်။

“ဂါလာတာစာရေးက သူတို့ရဲ့နောက်မှာ ကွင်းလုံးပြည့်အားပေးနေတဲ့ ပရိသတ်ကြီးနဲ့အတူ အမြဲယှဉ်ပြိုင်ကစားလေ့ရှိပါတယ်။ ဒါက ပြိုင်ဘက်တွေအတွက် အမြဲတမ်းလိုလိုခက်ခဲစေပါတယ်။ သူတို့မှာ ထိပ်တန်းလိဂ်တွေမှာကစားဖူးတဲ့ အတွေ့အကြုံရင့်ကစားသမားကောင်းများစွာ ပါဝင်ပါတယ်။ ဒီနေ့ညပိုင်းပွဲစဉ်ကတော့ အရမ်းကိုခက်ခဲလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်”လို့ ဒီလစ်က ပြောပါတယ်။

အခုပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်ဂိုးပေါက်ရှေ့ ဒီလစ်နဲ့ ရင်ဆိုင်ရမယ့် တိုက်စစ်မှူးက ဘယ်သူဖြစ်လာမလဲဆိုတာ စိတ်ဝင်စားစရာပါ။ ဂါလာတာစာရေးတိုက်စစ်မှူး အီကာဒီကတော့ ဒဏ်ရာပြဿနာကြောင့် အခုပွဲစဉ်ကို ပါဝင်နိုင်ဖို့ သံသယဖြစ်စရာအနေအထားမှာ ရှိနေပါတယ်။

ဒတ်ချ်ခံစစ်မှူးက “ဒါနဲ့ပတ်သက်ပြီး ကျွန်တော်လည်း ဘာမှမကြားသိရသေးပါဘူး။ ကျွန်တော်တို့နဲ့ ရင်ဆိုင်ရမယ့် ပြိုင်ဘက်တိုက်စစ်မှူးရဲ့အရည်အသွေးကောင်းတွေကို အမြဲတမ်းစောင့်ကြည့်လေ့ရှိပါတယ်။ ဒါပေမယ့် ဂါလာတာစာရေးမှာ အီကာဒီတင်မက အခြားကစားသမားကောင်းများစွာ ရှိနေပါတယ်”လို့ ပြောပါတယ်။

အခုဘောလုံးရာသီသစ်ကို ဒီလစ်က ဒဏ်ရာပြဿနာတွေနဲ့ စတင်ခဲ့ရပါတယ်။ ဒါကြောင့်ပဲ သူရဲ့ ပွဲမကစားနိုင်ချိန်တွေနဲ့အတူ ဒီလစ်ဟာ နည်းပြတူချယ်ရဲ့ယုံကြည်မှု အပြည့်အဝမရရှိခဲ့ပါဘူး။ ဒါပေမယ့် လက်ရှိမှာတော့ ဒီလစ်နဲ့ ကင်မင်ဂျယ်တို့က နည်းပြ တူချယ်ရဲ့ ဦးစားပေးခံစစ်မှူးတွေဖြစ်လာခဲ့ပြီး နှစ်ဦးလုံး ကျန်းမာသန်စွမ်းနေကြပါတယ်။

ဒီလစ်က “ဘောလုံးသမားတစ်ယောက်အဖြစ် ပွဲကစားဖို့ အမြဲတမ်းလိုလားပါတယ်။ ကျွန်တော့်ရဲ့ရာသီသစ်စတင်မှုက မလွယ်ကူခဲ့ပါဘူး။ ဒဏ်ရာပြဿနာရှိနေခဲ့ပါတယ်။ ကျွန်တော်ပြန်ကောင်းလာချိန်မှာ အသင်းကို ကူညီပေးနိုင်ဖို့ မျှော်လင့်မိခဲ့ပါတယ်။ အခုတော့ ခံစားချက်တွေ ကောင်းနေပါပြီ။ နောက်ဆုံး ပွဲစဉ်ကိုလည်း မိနစ်ကိုးဆယ်အပြည့် ကစားခဲ့ရပါတယ်။ ဒါက ကောင်းပါတယ်။ နာကျင်မှုကတော့ အရှင်းကြီးမပျောက်သေးပေမယ့် ပုံမှန်အခြေအနေလိုပဲ ခံစားမိပါတယ်။ ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ယောက်မှာ အမြဲတမ်းလိုလို နာကျင်ကိုက်ခဲမှုဆိုတာ ရှိပါတယ်။ ဒါတွေကို ခံနိုင်ရည်ရှိရပါမယ်။ အခုအချိန်မှာ ကျွန်တော်တို့အသင်းက လူတိုင်းကို လိုအပ်နေပါတယ်”လို့ ဆက်ပြောခဲ့ပါတယ်။

#ဂါလာတာစာရေး #ချန်ပီယံလိဂ် #ဘိုင်ယန်မြူးနစ် #ဒီလစ်ချ်