အာဆင်နယ်မှာ ပုံမှန်နေရာမရတဲ့ ရမ်စ်ဒေးကို ခေါ်ယူဖို့စိတ်ဝင်စားနေတဲ့ ချဲလ်ဆီး
2:09 PM, 24 October
အာဆင်နယ်အသင်းရဲ့ ပထမဦးစားပေးဂိုးသမားနေရာသို့ ဒေးဗစ်ရာယာ ဝင်ရောက်လာပြီးနောက် ပုံမှန်ပွဲထွက်ခွင့်မရတော့တဲ့ ရမ်စ်ဒေးကို ချဲလ်ဆီးအသင်းက ခေါ်ယူဖို့ပစ်မှတ်ထားလာခဲ့ပါတယ်။
ရမ်စ်ဒေးဟာ ပြီးခဲ့တဲ့ရာသီက အာဆင်နယ်ရဲ့နံပါတ် ၁ ဂိုးသမားဖြစ်ခဲ့ပြီး ကောင်းမွန်တဲ့စွမ်းဆောင်ရည်တွေပြသနိုင်ခဲ့သော်လည်း ယခုရာသီမှာ အာတီတာက ဘရန့်ဖို့ဒ်ဂိုးသမား ဒေးဗစ်ရာယာကို အငှားနဲ့ အံ့အားသင့်ဖွယ်ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်သားဟာ ရာသီအစမှာ အာဆင်နယ်အတွက် ပွဲထွက်ခွင့်ရရှိခဲ့သော်လည်း နောက်ပိုင်းမှာတော့ နေရာပျောက်လာခဲ့ပြီး ပြီးခဲ့တဲ့စနေနေ့က ချဲလ်ဆီးနဲ့ ၂-၂ နဲ့ သရေကျခဲ့တဲ့ ပွဲစဉ်မှာလည်း ပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။
ယခုအခါ ချဲလ်ဆီးဟာ အာဆင်နယ်ရဲ့ လက်ရှိဂိုးသမားပြဿနာတွေကို အခွင့်ကောင်းယူပြီး ရမ်စ်ဒေးကို ခေါ်ယူဖို့ကြိုးစားလာတာဖြစ်တယ်လို့ Ben Jacobs ကဆိုပါတယ်။ ပြီးခဲ့တဲ့ နွေရာသီက ချဲလ်ဆီးဟာ ဂိုးသမားနေရာအတွက် ဘရိုက်တန်မှ ဆန်းချက်ဇ်ကိုခေါ်ယူခဲ့သော်လည်း ဂိုးသမားဟာ အထူးထင်ကြီးလောက်စရာစွမ်းဆောင်ရည်မရှိခဲ့တဲ့အပြင် ပြီးခဲ့တဲ့ အာဆင်နယ်နဲ့ပွဲစဉ်မှာလည်း ၎င်းရဲ့အမှားကြောင့် ဒီကလန်ရိုက်စ်ရဲ့ဂိုးကိုခွင့်ပြုခဲ့ရပြီး ၃ မှတ်ရရှိမယ့်အခွင့်အရေးကနေ သရေ ၁ မှတ်သာရရှိခဲ့တာဖြစ်ပါတယ်။
ချဲလ်ဆီးအနေနဲ့ ရမ်စ်ဒေးကိုခေါ်ယူနိုင်ခဲ့ပါက ဆန်းချက်ဇ်ရဲ့တိုးတက်မှုကိုလည်း မြင်ရနိုင်ဖို့ ဖိအားပေးနိုင်မှာဖြစ်ပါတယ်။ သို့သော်လည်း အာဆင်နယ်အနေနဲ့ ပြိုင်ဘက်အသင်းအားကောင်းစေဖို့ ၎င်းတို့ရဲ့ဂိုးသမားကိုလက်လွှတ်သွားပါ့မလားဆိုတာ စောင့်ကြည့်ရဖို့ရှိပါတယ်။ အထူးသဖြင့် ရာယာကို အငှားနဲ့သာခေါ်ယူထားတာကြောင့် အာဆင်နယ်အနေနဲ့ ရမ်စ်ဒေးကို နံပါတ် ၁ ဂိုးသမားနေရာကိုပြန်ပေးမယ့် အစီအစဉ်လည်းရှိနေနိုင်တာဖြစ်ပါတယ်။ ဒါ့အပြင် ရမ်စ်ဒေးကလည်း ပရီးမီးယားလိဂ်မှာနေရာမရပါက အခြားပြိုင်ပွဲတွေမှာ နေရာရမယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
ချဲလ်ဆီးနဲ့မတူဘဲ အာဆင်နယ်ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲတွေကစားရဖို့ရှိနေပြီး ပရီးမီးယားလိဂ်ကိုလည်း စိန်ခေါ်နိုင်လောက်တဲ့အဆင့်မှာရှိနေတာလည်းဖြစ်ပါတယ်။ ရမ်စ်ဒေးဟာ ၎င်းရဲ့ဇနီး မီးဖွားနေတာကြောင့် ပြီးခဲ့တဲ့ စနေနေ့က ပွဲစဉ်မှာ အာဆင်နယ်ရဲ့အရန်လူစာရင်းမှာတောင်ပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။