ရှေ့သို့
Image

ဆာဂျင်ရက်ကလစ်ဖ်ဟာ အဲရစ်တန်ဟက်ရဲ့နေရာမှာ ဂရေဟမ်ပေါ်တာနဲ့ အစားဖွယ်ရှိနေတယ်လို့ သတင်းထွက်ပေါ်လာ

1:53 PM, 24 October

လက်ရှိမန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ရဲ့နေရာမှာ အစားထိုးမယ်ဆိုပါက ဆာဂျင်ရက်ကလစ်ဖ်ဟာ ဂရေဟမ်ပေါ်တာကို ကမ်းလှမ်းသွားဖွယ်ရှိနေတယ်လို့ သတင်းထွက်ပေါ်လာပါတယ်။ ဂလေဇာမိသားစုက ယူနိုက်တက်ကို အပြီးသတ်ရောင်းချတော့မယ်လို့ကောလာဟလတွေ အချိန်အတော်ကြာ ထွက်ပေါ်ခဲ့ပြီးနောက် ယခုအခါမှာတော့ ရက်ကလစ်ဖ်ဟာ ယူနိုက်တက်ရဲ့ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကိုဝယ်ယူနိုင်ဖို့နီးစပ်လာပြီဖြစ်ပါတယ်။

ပေါင် ၁ ဒဿမ ၄ ဘီလီယံခန့်တန်ကြေးရှိနိုင်တဲ့ အဆိုပါ တစ်စိတ်တစ်ပိုင်းဝယ်ယူခွင့် သဘောတူညီချက်မှာ ရက်ကလစ်ဖ်ဟာ ယူနိုက်တက်ရဲ့ အားကစားဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်တွေကို ဘုတ်အဖွဲ့နဲ့ဆွေးနွေးညှိနှိုင်းပြီး ထိန်းချုပ်ခွင့်ရရှိသွားမှာဖြစ်ပါတယ်။ ယခုအခါ The Sun ရဲ့ဖော်ပြချက်အရ ချဲလ်ဆီးနဲ့ဘရိုက်တန်နည်းပြဟောင်း ဂရေဟမ်ပေါ်တာဟာ ရက်ကလစ်ဖ်ရဲ့ဆန္ဒအရ ယူနိုက်တက်ရဲ့ပစ်မှတ်ဖြစ်လာပြီလို့သိရှိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလမှာ ချဲလ်ဆီးရဲ့မန်နေဂျာရာထူးမှထုတ်ပယ်ခံခဲ့ရတဲ့ ပေါ်တာကို ယခုနှစ်အစာပိုင်းက နောက်ထပ် ရက်က်လစ်ပိုင်ဆိုင်တဲ့ကလပ်တစ်ခုဖြစ်တဲ့ OGC Nice ကဆွဲဆောင်ခဲ့သော်လည်း ခေါ်ယူနိုင်ခဲ့ခြင်းမရှိတာကြောင့် အသက်-၄၈ နှစ်အရွယ် နည်းပြဟာ ယခုချိန်အထိ အသင်းလက်မဲ့ဖြစ်နေပါတယ်။ သို့သော် ယခုအခါ အီတလီစီးရီးအေချန်ပီယံ နာပိုလီကလည်း ပေါ်တာကိုပစ်မှာထားနေတယ်လို့ သိရှိရပါတယ်။ နာပိုလီဟာ တော့တင်ဟမ်နည်းပြဟောင်း အန်တိုနီယိုကွန်တီကို ချိတ်ဆက်နေသော်လည်း ယခုချိန်အထိခေါ်ယူနိုင်ခြင်းမရှိသေးပါဘူး။

ဆွမ်ဆီးနဲ့ ဘရိုက်တန်တို့မှာ အောင်မြင်တဲ့နည်းပြဘဝကို အစပြုနိုင်ခဲ့တဲ့ပေါ်တာဟာ စတန်းဖို့ဒ်ဘရစ်ချ်မှာတော့ ၈ လသာနေထိုင်ခဲ့ရပြီး ကိုင်တွယ်ခဲ့တဲ့ ပွဲစဉ် ၂၂ ပွဲမှာလည်း ၇ ပွဲသာ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ တန်ဟက်လက်ထက် လက်ရှိရာသီမှာ ယူနိုက်တက်ဟာ ၃၇ နှစ်အတွင်း အဆိုးဝါးဆုံး ရာသီစတင်မှုနဲ့ကြုံတွေခဲ့ပေမယ့်  နောက်ဆုံးကစားခဲ့တဲ့ ဘရန့်ဒ်နဲ့ ရှက်ဖီးယူနိုက်တက်တို့ကိုတော့ ၂ ပွဲဆက်အနိုင်ယူထားနိုင်ခဲ့တာဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အပြောင်းအရွှေ့ #အဲရစ်တန်ဟက် #ဂရေဟမ်ပေါ်တာ #ဆာဂျင်မ်ရက်ကလစ်ဖ်