ရှေ့သို့
Image

ဘာမင်ဂမ်နည်းပြဘဝ ပွဲဦးထွက်မှာ အရေးမလှခဲ့ပေမဲ့ ဒါဘီကောင်တီနဲ့ ပွဲမှာ နိုင်ပွဲရှာဖွေနိုင်ဖွယ်ရှိနေတဲ့ ရွန်းနီ

12:56 PM, 24 October

မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူ ခမ်းနားတဲ့ အောင်မြင်မှုမှတ်တမ်းတွေကို စိုက်ထူးထားနိုင်ခဲ့အပြီးမှာ အဲဗာတန်နဲ့ ဒါဘီအသင်းတို့ကို ပြောင်းရွှေ့ကစားရင်း ဘောလုံးနည်းပြ တစ်ဦးအဖြစ် ခြေလှမ်းစတင်လာခဲ့တဲ့ ရွန်းနီအနေဖြင့် ဘာမင်ဂမ်နည်းပြဘဝ အဖွင့်ပွဲစဉ်မှာ အရေးမလှခဲ့ရပေမဲ့ ဟူးလ်စီးတီးအသင်းနဲ့ ကစားမယ့် ပွဲစဉ်တွင် နိုင်ပွဲရှာဖွေလာနိုင်ခြေရှိနေတာပဲ ဖြစ်ပါတယ်။

ဒါဘီအသင်းနဲ့အတူ ကစားသမားနည်းပြအဖြစ် စတင်ဆောင်ရွက်ရင်း နည်းပြဘဝကို စတင်အခြေချခဲ့တဲ့ ရွန်းနီအနေဖြင့် မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းမှာလည်း နည်းပြ အဖြစ် ဆောင်ရွက်ခဲ့ပြီး ချန်ပီယံရှစ်ကလပ် ဘာမင်ဂမ်အသင်းကို နည်းပြ အဖြစ် ရောက်လာခဲ့တာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဖော် ကစားသမားတွေဖြစ်ခဲ့ကြတဲ့ မိုက်ကယ်ကာရစ်ရဲ့ မက်စ်ဒယ်ဘရော့အသင်းနဲ့ ဘာမင်ဂမ်နည်းပြ ဘဝအဖွင့်ပွဲစဉ်တွင် သရေ ၁ မှတ် ရယူနိုင်ရန် နီးစပ်ခဲ့ပေမဲ့ ပွဲကစားချိန်နှောင်းပိုင်းအရောက်မှာ ဦးဆောင်ဂိုးခွင့်ပြု ပေးလိုက်ရကာ ရမှတ်ဗလာဖြစ်ခဲ့ရပြီး ကြားရက်မှာ ကစားမယ့် ဟူးလ်စီးတီးအသင်းနဲ့ ပွဲစဉ်တွင် အနိုင်ရရန် ပြင်ဆင်နေတာ ဖြစ်ပါတယ်။

ဒါဘီကောင်တီအသင်းတွင် နည်းပြ အဖွဲ့ဝင်အဖြစ် အတူဆောင်ရွက်ခဲ့ဖူးတဲ့ ဘာမင်ဂမ်နည်းပြ ရွန်းနီနဲ့ ပြိုင်ဘက်နည်းပြ တစ်ဦးအဖြစ် ထိပ်တိုက်ယှဉ်ပြိုင်ကစားရမှာနဲ့ ပက်သက်လို့ နည်းပြ လီယန်ရွန်စီနီယာက “ကျွန်တော်နဲ့ ရွန်းနီက အမြဲတမ်းသူငယ်ချင်းတွေအဖြစ် ခင်မင်နေမှာပါ။ ကျွန်တော်နဲ့ ဝိန်းတင်မကပါဘူး။ ဒါဘီကောင်တီရဲ့ နည်းပြ အဖွဲ့ဝင်တွေအားလုံးက အခုအချိန်အထိ အခင်အမင်မပျက် တစ်သားတည်းရှိကြတုန်းပါ။ ဝိန်းကတော့ ကျွန်တော်တို့အဖွဲ့ရဲ့ စစ်မှန်တဲ့ ခေါင်းဆောင်တစ်းဦးလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့အပေါ်မှာ ဦးဆောင်မှုလည်း များစွာပေးနိုင်ခဲ့ပြီး ဝိန်းလုပ်ပေးခဲ့တဲ့ အရာတွေအတွက် အားလုံးကလည်း အသိအမှတ်ပြုနေကြမှာပါ” “ဝိန်းဆီကနေ ကျွန်တော်သင်ယူခဲ့ရတဲ့အရာတွေကလည်း အများကြီးပါ။ ဟူးလ်စီးတီးအသင်းမှာက ဝိန်းဆီကနေ သင်ယူခဲ့ရတဲ့ အရာတွေအပြင် ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဟန်တွေကို ပေါင်းထည့်ထားပါတယ်” လို့ ဖွင့်ဟ ပြောဆိုထားတာပဲ ဖြစ်ပါတယ်။

#ရွန်းနီ #ဘာမင်ဂမ်