ချန်ပီယံလိဂ်ကနေ မထွက်ချင်ရင် ကိုပင်ဟေဂင်ကို အနိုင်ယူမှဖြစ်မယ်လို့ ပြောကြားလာတဲ့ တန်ဟက်
9:26 AM, 24 October
မန်ချက်စတာယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်က အသင်းအနေနဲ့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို တက်ရောက်လိုပါက ယနေ့ညမှာ ကစားမယ့် ကိုပင်ဟေဂင်နဲ့ပွဲစဉ်မှာ အနိုင်ရရှိဖို့လိုအပ်တယ်လို့ ပြောကြားလာခဲ့တာဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ပွဲစဉ် ၂ ပွဲ ကစားထားပြီး ဘိုင်ယန်မြူးနစ်နဲ့ ဂါလာတာစာရေးတို့ကို ရှုံးနိမ့်ထားတာကြောင့် အုပ်စုရဲ့အောက်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။ ယခုအခါ တတိယမြောက်ပွဲစဉ်အဖြစ် အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ ဒိန်းမတ်ချန်ပီယံ ကိုပင်ဟေဂင်ကို လက်ခံကစားသွားရမှာဖြစ်ပြီး အဲရစ်တန်ဟက်အနေနဲ့ ချန်ပီယံလိဂ်မှာ ပထမဆုံးအကြိမ် နိုင်ပွဲရရှိဖို့ လိုအပ်နေတာဖြစ်ပါတယ်။
ယမန်နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ တန်ဟက်က “ပထမ ၂ ပွဲ ရှုံးထားတာကြောင့် ဒီပွဲကိုတော့ အနိုင်ရမှဖြစ်ပါမယ်” လို့ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် တန်ဟက်က အဆိုပါပွဲစဉ်မှာ ပွဲမကစားမီ ပြီးခဲ့တဲ့စနေနေ့က ကွယ်လွန်သွားခဲ့တဲ့ အသက်-၈၆ နှစ်အရွယ် ယူနိုက်တက် ဂန္ထဝင် ဆာဘော်ဘီချာလ်တန်ကို ဂုဏ်ပြုပွဲပြုလုပ်သွားမယ့် အစီအစဉ်ကိုလည်း စိတ်လှုပ်ရှားစွာနဲ့မျှော်လင့်နေကြောင်းပြောကြားခဲ့ပါတယ်။
၎င်းက “အိုးလ်ထရက်ဖို့ဒ်က ပွဲတိုင်းမှာအမြဲတမ်းထူးခြားပါတယ်။ ပရိသတ်တွေကလည်း ကျွန်တော်တို့နောက်မှာ အမြဲတမ်းရှိပါတယ်။ ဘရန့်ဖို့ဒ်နဲ့ယှဉ်ပြိုင်ခဲ့တဲ့ပွဲစဉ်မှာဆို ကျွန်တော်တို့က အကောင်းဆုံးအနေအထားမှာ မရှိခဲ့ပေမယ့် ပရိသတ်တွေက ကျွန်တော်တို့နောက်မှာ ရှိနေခဲ့ပါတယ်။ ကျွန်တော်တို့ ဒုက္ခနဲ့ကြုံတွေ့နေရတဲ့ အချိန်တွေမှာ ပရိသတ်တွေက ကျွန်တော်တို့နဲ့အတူ တိုက်ပွဲဝင်နေကြတုန်းပါပဲ။ မနက်ဖြန်မှာဆို သူတို့ရဲ့ဂန္ထဝင်သူရဲကောင်း ဆာဘော်ဘီချာလ်တန်ကို ရည်စူးပြီး ယူနိုက်တက်ကို အရင်ထက်ပိုပြီး ပံ့ပိုးပေးသွားကြမယ်ထင်ပါတယ်။ သူက ဒန်းနစ်လော၊ ဂျော့ဂျ်ဘက်စ်တို့နဲ့အတူ အိုးလ်ထရက်ဖို့ဒ်ရဲ့အရှေ့မှာရှိနေပါတယ်။ ဒါကြောင့် သူကကျွန်တော်တို့နဲ့အမြဲတမ်းရှိနေပြီး အသင်းရဲ့ပွဲစဉ်တိုင်းအတွက် ကြီးမားတဲ့လှုံ့ဆော်မှုဖြစ်စေပါတယ်” လို့ပြောကြားခဲ့ပါတယ်။
လက်ရှိရာသီရဲ့ ပထမဆုံး ၁၀ ပွဲမှာ ၆ ပွဲရှုံးနိမ့်ပြီးနောက် ယူနိုက်တက်ဟာ ဘရန့်ဖို့ဒ်၊ ရှက်ဖီးလ်ယူနိုက်တက်တို့နဲ့ ပွဲစဉ်တွေမှာ ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ နိုင်ပွဲတွေ ဖော်ဆောင်လာနိုင်ခဲ့ပါတယ်။ ယခုအခါ တန်ဟက်ရဲ့အသင်းဟာ မေလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ၃ ပွဲဆက် အနိုင်ရရှိဖို့နီးစပ်နေပြီး အသင်းရဲ့နောက်ခံလူ ဒီယေဂိုဒါလော့က ယခုကဲ့သို့ နိုင်ပွဲတွေပြန်လည်ရရှိလာခြင်းဟာ အခြေအနေပြန်ကောင်းလာဖို့ စတင်မှုတစ်ခုဖြစ်တယ်လို့ယုံကြည်နေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရှက်ဖီးလ်ယူနိုက်တက်နဲ့ပွဲစဉ်မှာ အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ ဒါလော့က “ကျွန်တော်တို့ ပွဲတိုင်းမှာ ယုံကြည်မှု တည်ဆောက်ချင်ပါတယ်။ အခုက အရှိန်အဟုန်နဲ့ တည်ဆောက်ဖို့အတွက် အခွင့်အရေးပါပဲ။ ပွဲစဉ်တွေကို အနိုင်ရရှိရင် ယုံကြည်မှုရရှိဖို့ လွယ်ကူပြီး အဲဒီလိုမဖြစ်ရင်လည်း အနိုင်ရရှိဖို့နည်းလမ်းရှာဖွေရပါမယ်။ ကျွန်တော်တို့မှာ ပွဲတစ်ပွဲကို အနိုင်ရရှိအောင်စွမ်းဆောင်နိုင်တဲ့ ကစားသမားတွေအများကြီးရှိပါတယ်။ အရှိန်အဟုန်နဲ့ ယုံကြည်မှုကိုတည်ဆောက်ဖို့ ဒီအနိုင်ရလဒ်တွေကို အသုံးချရပါမယ်” လို့ပြောကြားခဲ့ပါတယ်။