ရှေ့သို့
Image

ဒဏ်ရာရနေတဲ့ ရော်ဘတ်ဆန်ကို လီဗာပူးအသင်းကိုယ်စား အားပေးစကားပြောဆိုတဲ့ ကပ္ပတိန်ဗန်ဒိုက်

2:40 PM, 23 October

လီဗာပူးကပ္ပတိန်ဗန်ဒိုက်က ပုခုံးဒဏ်ရာရရှိနေတဲ့ အသင်းဖော်ရော်ဘတ်ဆန်ဆီ ဆက်သွယ်ခဲ့ပြီး သူ့ရဲ့အသင်းဖော်ကြုံတွေ့နေရတဲ့ အခြေအနေအတွက် ဝမ်းနည်းစိတ်ပျက်မိကြောင်း ဝန်ခံပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စပိန်ကို ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ စကော့တလန်လက်ရွေးစင်အဖြစ် ပွဲထွက်လာတဲ့ လီဗာပူး နောက်ခံလူဟာ ပြိုင်ဘက်ဂိုးသမားအူနိုင်းဆိုင်မွန်နဲ့ မတော်တဆထိခိုက်ခဲ့ပြီးနောက် ပုခုံးဒဏ်ရာရရှိကာ လူစားလဲလှယ်ခဲ့ရပါတယ်။

အခုလိုဒဏ်ရာမျိုးက ပုံမှန်အတိုင်းသက်သာပျောက်ကင်းသွားမယ်ဆိုရင် တစ်လအတွင်း အသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်မှာဖြစ်ပေမယ့် ဒဏ်ရာက ပြန်လည်ပေါ်ပေါက်နိုင်ခြေများပြားတာကြောင့် အသက်-၂၉ နှစ်ကစားသမားဟာ ခွဲစိတ်ကုသမှုခံယူရလိမ့်မယ်လို့ ယာဂန်ကလော့ပ်က ရှင်းပြခဲ့ပါတယ်။ ဒါကြောင့် ရော်ဘတ်ဆန်က အခုနှစ်ကုန်အထိ အသင်းနဲ့ပူးပေါင်းလာဖို့ မရှိသေးပါဘူး။

အခုနွေရာသီအတွင်း ဂျော်ဒန်ဟန်ဒါဆန် အသင်းမှထွက်ခွာသွားပြီးနောက် လီဗာပူးကပ္ပတိန်လက်ပတ်ကို ဆက်ခံခဲ့တဲ့ ဗန်ဒိုက်က သူ့ရဲ့အသင်းဖော်ဆီ ဆက်သွယ်ကာ ဒဏ်ရာအခြေအနေကို မေးမြန်းခဲ့ပြီး အသင်းဖော်အားလုံးက သူ့ကို ကူညီပေးဖို့ အသင့်ရှိတယ်လို့ အားပေးစကားပြောကြားခဲ့တယ်။

“ဟုတ်ပါတယ်၊ ကျွန်တော်တို့ စကားပြောပြီးကြပါပြီ။ ကျွန်တော် သူနဲ့စကားပြောဖြစ်ချိန် သူ့အတွက် စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။ တော်တော်လေးဆိုးရွားတဲ့ပုခုံးဒဏ်ရာတစ်ခု ရှိနေတာ မကောင်းလှပါဘူး။ ပုခုံးဆိုတာကလည်း အတော်လေး အလုပ်လုပ်ရတယ်လေ။ ဒါကို မိုဆာလက်ဆီမှာ ကျွန်တော်တို့ မြင်တွေ့ခဲ့ဖူးပြီးပါပြီ။ လုပ်စရာအလုပ်တွေ အများကြီးရှိနေမှာဖြစ်ပေမယ့် ကျွန်တော်တို့က သူ့ကို နည်းလမ်းပေါင်းစုံနဲ့ တောက်လျှောက်ပံ့ပိုးပေးမှာဖြစ်လို့ ရော်ဘတ်ဆန် အဆင်ပြေသွားပါလိမ့်မယ်။ ခက်ခဲတဲ့ ရက်သတ္တပတ်တွေတော့ သူ့ကို စောင့်ဆိုင်းနေပါပြီ”လို့ ဗန်ဒိုက်က ပြောပါတယ်။

အဲဗာတန်ကို ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့တဲ့ စနေနေ့၊ မာဆေးဆိုဒ်ဒါဘီပွဲစဉ်နဲ့ပတ်သက်လို့ ဗန်ဒိုက်က “ဂိုးမရှိ သရေကျနေချိန်မှာ ကျွန်တော်တို့တွေ ထိတ်လန့်ချောက်ချားနေဖို့ မသင့်ပါဘူး။ ပွဲအတွင်းမှာ ၁-၀ ဂိုးနဲ့ အရေးနိမ့်နေတာပဲဖြစ်ဖြစ်၊ နောက်ဆုံးမိနစ်တွေတိုင်အောင် ဂိုးမရှိသရေကျနေတာပဲဖြစ်ဖြစ် နိုင်ပွဲရှာဖွေနိုင်တဲ့ စွမ်းရည်မျိုး ကျွန်တော်တို့မှာ ရှိပါတယ်။ ကျွန်တော်တို့ တည်တည်ငြိမ်ငြိမ်ရှိဖို့ လိုအပ်ပြီး ဒါကသာလျှင် အသင်းကောင်းတစ်ခုရဲ့လက္ခဏာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့မှာ ပွဲရလဒ်ကို ပြောင်းလဲပေးနိုင်စွမ်းရှိတဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားလို့ပါ။ စိတ်ရှည်ရှည်နဲ့ လျှင်လျှင်မြန်မြန်ကစားနိုင်ဖို့ ကြိုးစားရပါမယ်။ တခါတရံမှာ စွန့်စားမှုများပြားတဲ့ ဘောလုံးပေးပို့မှုတွေလည်း လုပ်ဆောင်ရတယ်။ ဒါက ဘောလုံးပိုင်ဆိုင်မှုဆုံးရှုံးတာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။ ဒီအတွက် ကိုယ်က ဘယ်လိုတုံ့ပြန်မလဲဆိုတာနဲ့ ခံစစ်ပိုင်းကို ဘယ်လိုကာကွယ်မလဲဆိုတဲ့ အချက်တွေနဲ့ သက်ဆိုင်လာပါပြီ။ ကျွန်တော်တို့အသင်း အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့တယ်လို့ ထင်ပါတယ်”လို့ ဆက်ပြောခဲ့ပါတယ်။

#လီဗာပူး #ဗန်ဒိုက် #ရော်ဘတ်ဆန် #ပရီးမီးယားလိဂ်