ရှေ့သို့
Image

ဒီဂီယာ တည်ထောင်ထားတဲ့ E-Sport အသင်းရဲ့ ဂျာစီမိတ်ဆက်ပွဲမှာ တက်ရောက်ပူးပေါင်းခဲ့တဲ့ ဘရိူနို

2:36 PM, 23 October

နည်းပြကြီး ဖာဂူဆန်လက်ထက်တွင် မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့လာခဲ့ကာ အိမ်မက်ကဇာတ်ရုံအထက်မှာ ဆယ်စုနှစ်တစ်ခုကျော်ကြာ ထိပ်တန်းဂိုးသမား တစ်ဦးအဖြစ် ပါဝင်ကစားပေးခဲ့တဲ့ ဝါရင့်ဂိုးသမား ဒီဂီယာအနေဖြင့် ၂၀၂၁ ခုနှစ်မှာ E-Sport ကလပ်အသင်းတစ်ခုကို တည်ထောင်ခဲ့တာဖြစ်ပြီး ယခုအကြိမ် ဂျာစီသစ်မိတ်ဆက် ပွဲမှာ ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနိုက တက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။

နည်းပြ တန်ဟတ်ရဲ့ နည်းစနစ်ပိုင်းအတွက် အံဝင်မှုနည်းပါးတာကြောင့် ယူနိုက်တက်အသင်းက စာချုပ်သက်တမ်း တိုးမြှင့်ခဲ့ခြင်းမရှိဘဲ ဒီဂီယာအနေဖြင့် ကလပ်အသင်းလက်မဲ့ အနေအထားရောက်နေတာလည်း ဖြစ်ပါတယ်။ ယူနိုက်တက်အသင်းရဲ့အသင်းခေါင်းဆောင် ဘရူနိုက ဒီဂီယာရဲ့ E-Sport အသင်း ဂျာစီမိတ်ဆက်ပွဲကို တက်ရောက်ခဲ့ပြီး အသက် ၃၂ နှစ် အရွယ် ဝါရင့်ဂိုးသမားက ဂျာစီဝတ်ဆင်ကာ နှစ်ယောက်သားအတူတွဲရိုက်ထားတဲ့ ဓာတ်ပုံကို အင်စတာဂရမ်စာမျက်နှာအထက်တွင် ‘အတူပူးပေါင်းခွင့်ရပြန်ပြီ’ ဆိုတဲ့ စာသားနဲ့အတူ ပို့စ်တင်ကာ ပရိတ်သတ်တွေရဲ့ အာရုံကို ဖမ်းစားလိုက်တာ ဖြစ်ပါတယ်။

စပိန်လက်ရွေးစင်အသင်းရဲ့ အဓိက ဂိုးသမားတစ်ဦးအဖြစ် ကာလရှည်ကြာ တာဝန်ယူကစားခွင့်ရခဲ့တဲ့ ဒီဂီယာအနေဖြင့် ‘Rebel Gaming’ အမည်ဖြင့် E-Sport ကလပ်အသင်းကို ၂၀၂၁ ခုနှစ်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပြီး League of Legends၊ Rainbow Six၊ Seige and Valorant တို့လို E-Sport ပြိုင်ပွဲအတော်များများမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဒီဂီယာအနေဖြင့် ‘Rebel Gaming’ အသင်းရဲ့ ယခုနှစ်အတွက် ဂျာစီကို ‘The Red Spike’ အဖြစ် အမည်ပေးထားပြီး ၄၈ ပေါင်နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ ယူနိုက်တက် အသင်းနဲ့ စာချုပ်ကုန်ချိန် ရီးရဲလ်မက်ဒရစ်၊ ဘိုင်ယန်မြူးနစ်နဲ့ ဆော်ဒီကလပ်တွေရဲ့ ကမ်းလှမ်းမှုအချို့ရခဲ့ပေမဲ့ ပယ်ချထားတဲ့ ဒီဂီယာအနေဖြင့် နံပါတ် ၁ ဂိုးသမားနေရာ အတွက် အာမခံတဲ့ ကမ်းလှမ်းမှုမျိုး ထပ်မံမရပါက ကစားသမားဘဝကနေပါ အနားယူနိုင်ဖွယ်ရှိနေတာပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဒီဂီယာ #ပရီးမီးယားလိဂ်