ကိုပင်ဟေဂင်နဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်ခင် ဆာဘော်ဘီချာလ်တန်ကို ဂုဏ်ပြုသွားကြမယ့် ယူနိုက်တက်ကစားသမားများ
1:49 PM, 23 October
မန်ချက်စတာယူနိုက်တက်ဟာ အရေးပါတဲ့ပွဲစဉ်အဖြစ် ကိုပင်ဟေဂင်နဲ့ယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ပွဲမစတင်မီ ပြီးခဲ့တဲ့စနေနေ့ကကွန်လွယ်ခဲ့တဲ့ အသင်းရဲ့ဂန္ထဝင်ကစားသမား ဆာဘော်ဘီချာလန်ကို ဂါရဝပြုတဲ့အနေနဲ့ ဂုဏ်ပြုပွဲပြုလုပ်သွားမှာဖြစ်ပါတယ်။
အသက်-၈၆ နှစ်အရွယ်မှာကွယ်လွန်ခဲ့တဲ့ အင်္ဂလန်ဂန္ထဝင် ချာလ်တန်အတွက် ယူနိုက်တက်ကစားသမားတွေဟာ ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အနက်ရောင်လက်ပတ်များ ဝတ်ဆင်သွားမှာဖြစ်တဲ့အပြင် လွမ်းသူ့ပန်းခွေချခြင်းနဲ့ ၁ မိနစ်ခန့် ငြိမ်သက်ခြင်းတွေပါပြုလုပ်သွားမှာဖြစ်ပါတယ်။
ယူနိုက်တက်မန်နေဂျာအဲရစ်တန်ဟက်နဲ့ အသင်းသားတွေဟာ လေ့ကျင့်ရေးကွင်း ကာရင်တန်မှာ ချာလ်တန်အတွက် အမှတ်တရအဖြစ် ကိုယ်ရေးကိုယ်တာစာတိုများရေးသားခဲ့ကြပြီး အဆိုပါစာသားတွေကို အိုးလ်ထရက်ဖို့ဒ်မှာ ဖွင့်လှစ်ပြသထားတဲ့ ဝမ်းနည်းပူဆွေးကြောင်းစာအုပ်မှာ ထည့်သွင်းသွားမှာဖြစ်ပါတယ်။
အဆိုပါ ဝမ်းနည်းကြောင်းစာအုပ်မှာ ယမန်နေ့က ပရိသတ် ၁ ထောင်ကျော်က အမှတ်တရ လက်မှတ်ရေးထိုးခဲ့ကြပြီး နိုင်ငံပေါင်း ၁၄၀ ကျော်မှ ပရိသတ် ၁ သောင်း ၃ ထောင်ခန့်ကလည်း ဝမ်းနည်းပူဆွေးကြောင်းတွေ ဖော်ပြခဲ့ကြတာဖြစ်ပါတယ်။
ချာလ်တန်ဟာ စနေနေ့နံနက်အစောပိုင်းက ငြိမ်းချမ်းစွာကွယ်လွန်ခဲ့ပြီး ယူနိုက်တက် ဘောလုံးအသိုင်းအဝိုင်းအတွက် ဝမ်းနည်းပူဆွေးမှုဖြစ်စေခဲ့ပါတယ်။ လူကြိုက်အလွန်များခဲ့တဲ့ နာမည်ကျော်ကစားသမားဟောင်းဟာ ဘောလုံးသမိုင်းတစ်လျှောက်အကောင်းဆုံး ကစားသမားတွေထဲမှ တစ်ဦးဖြစ်ခဲ့ပြီး လွန်ခဲ့တဲ့ ၃ နှစ်ခန့်ကစတင်ပြီး စိတ်ကျရောဂါစွဲကပ်ခဲ့တယ်လို့သိရှိရပါတယ်။
ယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ ရှက်ဖီးလ်ကို ၁-၂ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မတိုင်ခင် ချာလ်တန်အတွက် ဘောလုံးကွင်းထဲမှာ လွမ်းသူ့ပန်းခွေချခဲ့ပါတယ်။ ဒါ့အပြင် ၂ ဖက်အသင်းကစားသမားတွေနဲ့ ပရိသတ်တွေဟာ ကမ္ဘာ့ဖလားချန်ပီယံဟောင်းကို လက်ခုပ်တီးပြီး ဂုဏ်ပြုခဲ့ကြပါတယ်။