အာတီတာက ဂိုးသမားပြဿနာကို ဖန်တီးခဲ့တယ်လို့ ဂယ်ရီနဗီးလ် ဝေဖန်
9:57 AM, 23 October
ယူနိုက်တက်ဂန္ထဝင်ဟောင်း ဂယ်ရီနဗီးလ်က အာဆင်နယ်ဂိုးသမား ဒေးဗစ်ရာယာဟာ ဖိအားတွေကို ခံစားလာရပြီး ရလဒ်အနေနဲ့ အမှားတွေလုပ်လာတယ်လို့ ပြောကြားလိုက်ပါတယ်။ အာဆင်နယ်ကို အငှားနဲ့ပြောင်းလာပြီးနောက် စပိန်သားဟာ ရမ်စ်ဒေးလ်နေရာကို အစားဝင်ခဲ့ပြီး ပထမဦးစားပေးဂိုးသမားဖြစ်လာခဲ့ပါတယ်။
လန်းစ်အသင်းနဲ့ပွဲပြီးကတည်းက ရာယာဟာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ချဲလ်ဆီးနဲ့ပွဲမှာလည်း စွမ်းဆောင်ရည်ကောင်းမပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ရမ်စ်ဒဲလ် နဲ့ ရာယာတို့ကြားထဲမှာ ပြဿနာဖန်တီးခဲ့တာကြောင့် အခုချိန်မှာ ဦးစားပေးဂိုးသမားဟာ ဖိအားတွေခံစားလာရပြီလို့ နဗီးလ်က ယုံကြည်နေပါတယ်။
“ရာယာတစ်ယောက် သူ့ရဲ့အာဆင်နယ်ကစားသမားဘဝက အစကောင်းခဲ့ပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်ပွဲအပြီးကတည်းက သူ့ရဲ့စွမ်းဆောင်ရည်ကျဆင်းခဲ့သလို မန်စီးတီးနဲ့ ပွဲအပြီး အခုချဲလ်ဆီးနဲ့ပွဲမှာပါ ဆိုးဝါးခဲ့ပါတယ်။ သူ့အတွက် ဖိအားတွေဖြစ်လာခဲ့ပြီး သူ့မျက်နှာကိုကြည့်လိုက်ရင် ပူလောင်နေသလိုပါပဲ။ ကယ်ပါဆိုတဲ့သဘောမျိုးဖြစ်နေပါတယ်။ အခုလိုအသင်းကြီးတစ်သင်း လိဂ်အကြီးတစ်ခုမှာ ဒီလိုနေရာက ခက်ခဲတတ်ပါတယ်။ အများကြီးစုကို စီစစ်ခြင်းခံရမှာပါ။ ဂိုးသမားတစ်ဦးဖြစ်နေရင်တောင် စီစစ်ခံရမှာပါ။ အာတီတာက အဲ့ပြဿနာကိုဖန်တီးခဲ့တယ်လို့ ထင်ပါတယ်။ ရမ်စ်ဒေးလ်နဲ့ ရာယာတို့အခြေအနေက ရှင်းပါတယ်။ အဲ့တာက အလုပ်မဖြစ်ပါဘူး။ ဒါပေမယ့် သူကတော့ အလုပ်ဖြစ်တယ်လို့ ပြောနေပါတယ်။ ကျွန်တော် အဲ့လိုဖြစ်လာမယ်ဆိုတာ ဘယ်တုန်းကမှမယုံပါဘူး။ ကျွန်တော့်မျက်စိရှေ့ကဟာကိုပဲ ယုံပါတယ်။ အခုဆို ဖိအားတွေစတင်လာပါပြီ။ ရမ်စ်ဒေးလ်က အဲ့လောက်ထိအမှားလုပ်နေတာမဟုတ်ပါဘူး။ အခုဆို ရာယာလည်း ရမ်စ်ဒေးလ်လိုဖြစ်လာပါပြီ”လို့ နဗီးလ်က ပြောကြားခဲ့ပါတယ်။
ရမ်စ်ဒေးလ်ဟာ ယခင်တုန်းက အာတီတာရဲ့ဦးစားပေးဂိုးသမားဖြစ်ခဲ့ပေမယ့် ပြီးခဲ့တဲ့အပတ်တွေတုန်းက ရာယာက သူ့နေရာကို အပိုင်သိမ်းခဲ့တာဖြစ်ပါတယ်။ ၂ ဦးကြားမှာ ဘယ်သူက ရေရှည်နေရာရမလဲဆိုတာ မသိရသေးပဲ အမှားအနည်းဆုံးဂိုးသမားက နေရာရဖို့ များနေပါတယ်။
ရာယာကတော့ လာမယ့် ဆီဗီလာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း နေရာတစ်နေရာဆက်လက်ရရှိဖွယ်ရှိနေပါတယ်။