ရှေ့သို့
Image

ဆန်းချက်ဇ်ရဲ့အမှားအတွက် စိတ်ပျက်ပြီး စိတ်မကောင်းဖြစ်မိတယ်လို့ ဖွင့်ဟလာခဲ့တဲ့ ပိုချက်တီနို

1:00 PM, 22 October

ချဲလ်ဆီးအသင်းနည်းပြ ပိုချက်တီနိုက ယမန်နေ့ညက အိမ်ကွင်းစတန်းဖို့ဒ်ဘရစ်ခ်ျမှာ အာဆင်နယ်ကို ၂-၂ နဲ့သရေကျပြီး‌နောက် အာဆင်နယ်အတွက် လက်ဆောင်ဂိုး ပေးခဲ့တဲ့ ‌အသင်းရဲ့ဂိုးသမား ရောဘတ်ဆန်းချက်ဇ်ရဲ့အမှားအတွက် စိတ်ပျက်ပြီး စိတ်မကောင်းဖြစ်မိတယ်လို့ဖွင့်ဟလာခဲ့ပါတယ်။ ချဲလ်ဆီးအသင်းဟာ အာဆင်နယ်ကို ကိုးလ်ပယ်လ်မာ၊ မာဒရစ်တို့ရဲ့သွင်းဂိုးတွေနဲ့ ပြတ်ပြတ်သားသားဦးဆောင်ပြီး အနိုင် ၃ မှတ်ရရှိဖို့ အခြေအနေကောင်းကိုပိုင်ဆိုင်နိုင်ခဲ့သော်လည်း အသင်းရဲ့ ဂိုးသမားဆန်းချက်ဇ်ရဲ့အမှားတစ်ခုက ပွဲကိုအလှည့်အပြောင်းဖြစ်စေခဲ့ပါတယ်။


၂-၀ နဲ့အနိုင်ရရှိနေရာမှ ပွဲချိန် ၇၇ မိနစ်မှာ အာဆင်နယ်က ပထမချေပဂိုးကို ဆန်းချက်ဇ်ရဲ့အမှားကနေတစ်ဆင့် ဒီကလန်ရိုက်စ်ကသွင်းယူနိုင်ခဲ့ပြီး နောက် ၇ မိနစ်အကြာမှာတော့ လူစားဝင်ကစားသမား လီအန်ဒရိုထရိုဆက်က နောက်ထပ်ချေပဂိုးတစ်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့တာကြောင့် ချဲလ်ဆီးအသင်း နိုင်ပွဲနဲ့လွဲချော်ပြီး သရေ ၁ မှတ်သာရရှိခဲ့တာဖြစ်ပါတယ်။ ဆန်းချက်ဇ်ဟာ သိသာထင်ရှားတဲ့အမှားတစ်ခုကိုပြုလုပ်ခဲ့သော်လည်း ပိုချက်တီနိုက ပြင်းပြင်းထန်ထန်‌ပြစ်တင်ဝေဖန်ခြင်းမပြုလုပ်ခဲ့ဘဲ ချီးကျူးပြောဆိုမှုတွေပါပြုလုပ်ခဲ့ပါတယ်။ အသက်-၂၅ နှစ်အရွယ်ဂိုးသမားဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကမှ စတန်းဖို့ဘရစ်ခ်ျသို့ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။


ပိုချက်တီနိုက "ဆန်းချက်ဇ်အတွက် ဝမ်းသာပါတယ်။ ဒီပွဲမှာသူ စိတ်ပျက်စရာအမှားတစ်ခုပြုလုပ်ခဲ့လို့ စိတ်မကောင်းဖြစ်မိပေမယ့် ဘောလုံးပွဲမှာ ဒီလိုအမှားတွေကဖြစ်တတ်ပါတယ်။ အဲဒီဂိုးက အာဆင်နယ်အတွက် ယုံကြည်မှုရရှိစေခဲ့ပါတယ်။ ကျွန်တော်တို့ ဒီပွဲမှာ အချိတ်အဆက်မိမိနဲ့ ပိုကောင်းတဲ့အသင်းတစ်သင်းဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ၇၇ မိနစ်မှာဂိုးပေးလိုက်ရပြီးနောက်မှာတော့ အန္တရာယ်ရှိလာခဲ့ပါတယ်။ ဒီပွဲရဲ့ရလဒ်ကြောင့် ဘယ်သူ့ကိုမှအပြစ်မတင်ပါဘူး။ ဒါကဖြစ်တတ်ပါတယ်။ ကျွန်တော်တို့က လူငယ်တွေနဲ့ဖွဲ့စည်းထားပြီး တစ်‌ယောက်နဲ့တစ်ယောက်နားလည်မှုအပြည့်ရှိတဲ့ အသင်းတစ်သင်းပါ" လို့ပြောကြားခဲ့ပါတယ်။


အာဆင်နယ်က အကောင်းဆုံးပြန်လာနိုင်ခဲ့ပြီး သရေရလဒ်ကိုပုံဖော်နိုင်ခဲ့တာကြောင့် ချဲလ်ဆီးအသင်းဟာ နိုင်ပွဲနဲ့ဝေးကွာခဲ့ရပြီး ၂ မှတ်လျော့ခဲ့ရပါတယ်။ ယခုအခါ ချဲလ်ဆီးအသင်းဟာ ၉ ပွဲမှာ ၃ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၃ ပွဲရှုံးရလဒ်နဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့အဆင့် ၁၀ နေရာမှာရပ်တည်နေပါတယ်။ အာဆင်နယ်ဟာလည်း အနိုင် ၃ မှတ်နဲ့လွဲချော်ခဲ့ရတာကြောင့် အမှတ်ပေးဇယားရဲ့ထိပ်ဆုံးသို့တက်ရမယ့်အစား မန်ချက်စတာစီးတီးရဲ့အောက် ဒုတိယနေရာမှာသာ ရပ်တည်နိုင်တော့တာဖြစ်ပါတယ်။ အမှတ်ပေးဇယားကို ဦးဆောင်ခွင့်နဲ့လွဲချော်ခဲ့ရသော်လည်း အာဆင်နယ်အသင်းဟာ ယခုရာသီမှာရှုံးပွဲမရှိစံချိန်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပါတယ်။ 


ချဲလ်ဆီးအသင်းဟာ လာမယ့်စနေနေ့မှာ ပရီးမီးယားလိဂ် အိမ်ကွင်းပွဲစဉ်အဖြစ် ဘရန့်ဖို့ဒ်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အာဆင်နယ်အသင်းကတော့ ရှက်ဖီးလ်ယူနိုက်တက်နဲ့ ကစားရမယ့်ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင်မှာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဆီဗီလာနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

#ချဲလ်ဆီး #ဆန်းချက်ဇ် #ပိုချက်တီနို #ပရီးမီးယားလိဂ်