ရှေ့သို့
Image

ယူနိုက်တက်ရဲ့နိုင်ပွဲက ဆာဘော်ဘီချာလ်တန်ကိုဆုံးရှုံးမှုအတွက် ဝမ်းနည်း‌နေတဲ့ ပရိသတ်တွေကို ပျော်ရွှင်မှုအနည်းငယ်ပေးနိုင်မယ်လို့ မျှော်လင့်နေတဲ့ ဒါလော့

12:52 PM, 22 October

မန်ချက်စတာယူနိုက်တက် နောက်ခံလူ‌ဒီယေဂိုဒါလော့က ယနေ့နံနက်အစောပိုင်းက ရှက်ဖီးလ်ယူနိုက်တက်ကို ၁-၂ နဲ့အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ဟာ ယမန်နေ့ကပဲကွယ်လွန်သွားခဲ့တဲ့ ကလပ်ဂန္ထဝင် ဆာဘော်ဘီချာလ်တန်အတွက် ပူဆွေးနေတဲ့အသင်းပရိသတ်တွေအတွက် အနည်းငယ်နှစ်သိမ့်မှုပေးနိုင်မယ်လို့ယူဆကြောင်း ပြောကြားလာခဲ့ပါတယ်။ ယူနိုက်တက်နဲ့ အင်္ဂလန်ဂန္ထဝင်ကစားသမားဟောင်းကြီးဟာ အသက်-၈၆ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပြီဖြစ်တယ်လို့ ၎င်းရဲ့မိသားစုမှ ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ကမ္ဘာတစ်ဝှမ်းမှပရိသတ်တွေက ဝမ်းနည်းပူဆွေးကြောင်းတွေကို ဂုဏ်ပြုဖော်ပြခဲ့ကြပါတယ်။


သို့သော် ချာလ်တန်ကိုဆုံးရှုံးခဲ့ရပေမယ့် ယနေ့မနက်မှာပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ယူနိုက်တက်က ရှက်ဖီးလ်ကိုအဝေးကွင်းမှာ ၁-၂ နဲ့အနိုင်ရရှိခဲ့တာကြောင့် ယူနိုက်တက်ပရိသတ်တွေအနေနဲ့ အနည်းငယ်နှစ်သိမ့်မှုရရှိနိုင်မယ်လို့ ယူဆရပါတယ်။ ယူနိုက်တက်အတွက်ဦးဆောင်ဂိုးက ကွင်းလယ်လူစကော့မက်တိုမီနေးက ပထမပိုင်း ၂၈ မိနစ်မှာပဲ စတင်သွင်းယူခဲ့ပေမယ့် ရှက်ဖီးလ်ယူနိုက်တက်က ၃၄ ပင်နယ်တီမှတစ်ဆင့်ပြန်လည်ချေပခဲ့ပါတယ်။ သို့သော် ဒုတိယပိုင်း ၇၇ မိနစ်မှာတော့ ‌ဒီယေဂိုဒါလော့က အနိုင်ဂိုးသွင်းယူခဲ့တာကြောင့် ယူနိုက်တက်တို့အနိုင် ၃ မှတ်ကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။


ပွဲအပြီးမှာတော့ Sky Sports သို့အနိုင်ဂိုးသွင်းရှင် ဒါလော့က "ကျွန်တော်တို့ ဒီပွဲကို ဆာဘော်ဘီချာလ်တန်အတွက် ရည်စူးပြီးကစားခဲ့ကြပါတယ်။ ဝမ်းနည်းစရာကောင်းတဲ့နေ့မှာ ကျွန်တော်တို့ရဲ့နိုင်ပွဲက ပျော်ရွှင်မှုအနည်းငယ်ပေးနိုင်မယ်လို့မျှော်လင့်ပါတယ်။ ဒါက အသင်းရဲ့မိသားစုအတွက် ကျွန်တော်တို့ပေးနိုင်တာပါ။ ယူနိုက်တက်ဟာ မိသားစုတစ်ခုပါပဲ" လို့ပြောကြားခဲ့ပါတယ်။


ဒါ့အပြင်နောက်ခံလူ ဟယ်ရီမက်ဂွါရီကလည်း  "ပထမဆုံးပြောချင်တာကတော့ ဒီနေ့က တကယ့်ကို ဝမ်းနည်းစရာကောင်းတဲ့နေ့တစ်နေ့ပါ။ နေ့လည်က ‌ဒီပွဲအတွက်ပြင်ဆင်နေတုန်းမှာ ဒီသတင်းကိုကြားလိုက်မိပါတယ်။ ဒါကကျွန်တော်တို့အတွက် ခက်ခဲပါတယ်။ ဆာဘော်ဘီချာလ်တန်က ကျွန်တော်တို့ရဲ့အဝတ်လဲခန်းအတွက် အားအင်တွေဖြစ်စေခဲ့ပါတယ်။ သူက ကလပ်ရဲ့စစ်မှန်တဲ့ဂန္ထဝင်တစ်ဦးပါ။ ဒီပွဲကိုအနိုင်ရရှိခဲ့တဲ့အတွက် ပရိသတ်တွေအနေနဲ့ အနည်းငယ်နှစ်သိမ့်နိုင်မယ်လို့ထင်ပါတယ်။ ကမ္ဘာကြီးက သူ့ကိုလွမ်းနေပါလိမ့်မယ်" လို့ပြောကြားခဲ့ပါတယ်။


အသင်းရဲ့မန်နေဂျာ အဲရစ်တန်ဟက်ကလည်း "အရမ်းဝမ်းနည်းစရာကောင်းပါတယ်။ သူတို့မိသားစုကို အားပေးနေမှာပါ။ အထူးသဖြင့်သူ့ရဲ့ဇနီး၊ သားသမီးနဲ့ မြေး‌တွေကိုပေါ့။ ဘောလုံးမှာ ကြီးကြီးမားမားအောင်မြင်ခဲ့သလို ကွင်းပြင်ပက သူ့ရဲ့ပင်ကိုယ်စရိုက်‌ကြောင့်လည်း အောင်မြင်မှုရရှိခဲ့ပါတယ်။ ဘောလုံးလောကက ‌တန်ဖိုးရှိတဲ့လူတစ်ယောက်ကိုဆုံးရှုံးခဲ့ရပါပြီ။ ကျွန်တော်တို့သူ့ကိုလေးစားကြောင်းပြသဖို့လိုအပ်ခဲ့ပြီး ဒီနေ့မှပြသနိုင်ခဲ့တယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ အောင်ပွဲခံချင်ပေမယ့် သူ့ကိုလည်းသတိရပါတယ်" လို့ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အဲရစ်တန်ဟက် #ဒီယေဂိုဒါလော့ #ပရီးမီးယားလိဂ် ချာလ်တန်