ရှေ့သို့
Image

မာဆေးဆိုဒ်ဒါဘီပွဲစဉ် မတိုင်ခင် အသင်းနဲ့ ပြန်လည်ပူးပေါင်းလာတဲ့ လီဗာပူးတိုက်စစ်မှူး ဂတ်ပို

10:38 AM, 20 October

ယခုသီတင်းပတ်၊ မာဆေးဆိုဒ်ဒါဘီပွဲစဉ်မတိုင်ခင် ဒဏ်ရာကြောင့်အနားယူနေရတဲ့ တိုက်စစ်မှူးဂတ်ပိုဟာ လီဗာပူးရဲ့ပွဲကြိုလေ့ကျင့်ရေးအစီအစဉ်ဆီ ပြန်လည်ပူးပေါင်းလာခဲ့လို့ ယာဂန်ကလော့ပ်အတွက် ကြီးမားတဲ့ အားအင်တစ်ခု ဖြစ်လာခဲ့ပါတယ်။

စက်တင်ဘာ ၃၀ ရက်၊ တော့တင်ဟမ်ကို အရေးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း ဒူးဒဏ်ရာရရှိသွားခဲ့တဲ့ နယ်သာလန်တိုက်စစ်သမားဟာ လီဗာပူးရဲ့နောက်ဆုံးပွဲစဉ်နှစ်ခုကို လွဲချော်ခဲ့သလို မိခင်နိုင်ငံရဲ့ လက်ရွေးစင်တာဝန်ထမ်းဆောင်ဖို့အတွက်ပါ ပျက်ကွက်ခဲ့ရပါတယ်။ ပုံစံကောင်းရနေတဲ့ တိုက်စစ်မှူးက တော့တင်ဟမ်ကို အငြင်ပွားဖွယ်အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် အတွင်း ပထမပိုင်းပွဲချိန် မကုန်ဆုံးခင်မှာပဲ အရေးပါတဲ့ ချေပဂိုးသွင်းယူမှုအပါအဝင် အသင်း အတွက် နောက်ဆုံးကစားပေးခဲ့တဲ့ ပွဲစဉ်လေးခုမှာ သုံးဂိုးအထိ ရယူခဲ့ပါတယ်။

လတ်တလောမှာတော့ အသက်-၂၄ နှစ်အရွယ်တိုက်စစ်မှူးက လီဗာပူးအသင်းရဲ့ AXA လေ့ကျင့်ရေးကွင်းဆီ ရောက်ရှိလာပြီး အသင်းနဲ့ပူးပေါင်းလေ့ကျင့်နေလို့ အခုသီတင်းပတ်ကုန် အဲဗာတန်နဲ့ အန်ဖီးလ်ကွင်းမှာ ရင်ဆိုင်ရမယ့်ပွဲစဉ်ကို ပါဝင်ကစားနိုင်ဖွယ် ရှိပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ကလပ်အတွက် ပွဲဦးထွက်ခြောက်ပွဲမှာ သွင်းဂိုးမရှာဖွေနိုင်ခဲ့တဲ့ ဂတ်ပိုက ယာဂန်ကလော့ပ် အတွက် ယုံကြည်ရတဲ့ကစားသမားအဆင့်အထိ တိုးတက်လာခဲ့ပြီး ဗဟိုတိုက်စစ်ပိုင်းမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ယှဉ်ပြိုင်ကစားနေပါတယ်။

အာဂျင်တီးနားရဲ့ မက်အယ်လစ္စတာ၊ ဥရုဂွေးရဲ့ ဒါဝင်နူနက်ဇ်၊ ကိုလံဘီယာရဲ့ လူးဝစ်ဒီယက်ဇ်နဲ့ ဘရာဇီးဂိုးသမား အလီဆင်တို့တွေလည်း ယမန်နေ့(ကြာသပတေးနေ့)လေ့ကျင့်ရေးအစီအစဉ်မှာ ပါဝင်လာခဲ့ပါတယ်။ ဒီကစားသမားလေးဦးလုံးက လီဗာပူးအသင်းလေ့ကျင့်ရေးမတိုင်ခင် ၃၆ နာရီအတွင်း သူတို့ရဲ့နိုင်ငံ့လက်ရွေးစင်အသင်းတွေအတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ် ကစားပေးခဲ့ရပါတယ်။

#လီဗာပူး #ဂတ်ပို #ပရီးမီးယားလိဂ်