ပွဲထွက်ခွင့်နေရာ ဆုံးရှုံးခဲ့ပြီးနောက် သူစိုးရိမ်တဲ့အရာကို ထုတ်ဖော်ပြောကြားလာတဲ့ ရမ်စ်ဒေးလ်
8:42 AM, 20 October
အာဆင်နယ်ဂိုးသမား ရမ်စ်ဒေးလ်က ရာယာကို ပွဲထွက်ခွင့်ပေးခဲ့ရပြီးနောက် လာမယ့်နွေရာသီမှာ ကစားမယ့် အင်္ဂလန်အသင်းရဲ့ယူရိုလူစာရင်းမှာ မပါဝင်နိုင်မှာကို စိုးရိမ်မိတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ ရှက်ဖီးလ်ကနေ ပေါင်သန်း ၃၀ နဲ့ ပြောင်းလာခဲ့ပြီးနောက် အသက် ၂၅ နှစ်သားဟာ ပထမဆုံး ၂ ရာသီမှာ အာတီတာရဲ့ဦးစားပေးဂိုးသမားဖြစ်ခဲ့ပါတယ်။
အဲ့အချိန်တုန်းက ရမ်စ်ဒေးလ်ဟာ ဆောက်ဂိတ်ရဲ့အသင်းမှာ နေရာရခဲ့ပြီး ၃ ပွဲသာ လွဲချော်ခဲ့ပါတယ်။ ဒါပေမယ့် ဒေးဗစ်ရာယာ ရောက်လာခဲ့ပြီးနောက် ရမ်စ်ဒေးလ်ဟာ ပွဲထွက်ခွင့်တွေဆက်တိုက်ဆုံးရှုံးခဲ့ပါတယ်။
စပိန်သားဟာ အာဆင်နယ်ထံ ကနဦးအငှားနဲ့ ပြောင်းလာခဲ့ပေမယ့် ရာသီအကုန်မှာ အပြီးသတ်ပြောင်းရွှေ့ဖို့များနေပါတယ်။ ဒီရာသီမှာ ရမ်စ်ဒဲလ်ဟာ ၆ ပွဲသာ ပါဝင်ခွင့်ရရှိထားပြီး ရာယာရောက်လာချိန်မှာတော့ အာတီတာက စပိန်သားကိုသာ နေရာပေးခဲ့တာဖြစ်ပါတယ်။ အင်တာဗျူးတစ်ခုမှာ အင်္ဂလန်သားက နိုင်ငံအသင်းပွဲထွက်ခွင့်နေရာအတွက် စိုးရိမ်မိတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
“မှန်ပါတယ်။ ကျွန်တော့်အခြေအနေကို ကိုယ့်ဘာသာပြန်ကြည့်မိတဲ့ ပထမဆုံးအကြိမ်ပါပဲ။ ဆောက်ဂိတ်က တကယ်ကောင်းပါတယ်။ မတူညီတဲ့ အနေအထားနဲ့ ကျွန်တော်တို့ မတွေ့ခင်တုန်းက သူနဲ့အလုပ်လုပ်ဖူးပါတယ်။
ကီဗင်နဲ့ ဟယ်ရီတို့ကို ကြည့်ရင် သူတို့ပွဲထွက်ခွင့်များများစားစားမရခဲ့ကြပါဘူး။ ဒါပေမယ့် သူတို့ အင်္ဂလန်အသင်းမှာ အခွင့်အရေးရကြပြီး စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော့်ဖြစ်ရပ်မှာလည်း ကျွန်တော်ကစားခွင့်ရမယ်လို့ယုံပါတယ်။ ကျွန်တော် အသင်းမှာကစားခွင့်မရဘူးဆိုရင် ကျွန်တော်ပြန်ကြိုးစားပြရပါမယ်။ ဒါပေမယ့် ကျွန်တော် အသင်းကိုပြန်ချင်နေပါပြီ။ အသင်းကိုပြန်ပြီး နည်းပြကို ခေါင်းကိုက်အောင် လုပ်ဆောင်ချင်ပါတယ်”လို့ ရမ်စ်ဒေးလ်က ပြောကြားခဲ့ပါတယ်။
ရမ်စ်ဒေးလ်က ရာယာနဲ့ဆက်ဆံရေး အခြေအနေနဲ့ပတ်သက်ပြီး “ကျွန်တော်တို့ ပရော်ဖက်ရှင်နယ်ဆန်ဆန်အတူတူလုပ်ဆောင်နေကြပါတယ်။ လေ့ကျင့်ခန်း အစီအစဉ်မှာလည်း တစ်ဦးနဲ့တစ်ဦးတွန်းအားပေးကြပါတယ်။ တစ်ဦးလဲကျချိန်မှာလည်း ပြန်လည်ဖေးမလေ့ရှိပါတယ်။ သူဒဏ်ရာရလို့ မကစားနိုင်ဘူးဆိုရင် ကျွန်တော်အသင့်ဖြစ်နေမှာပါ”လို့ အင်္ဂလန်သားက ပြောကြားခဲ့ပါတယ်။