ပရီးမီးယားလိဂ်ဖလားကို ရရှိဖို့ အာဆင်နယ်အနေနဲ့ ဘယ်ကစားသမားကိုခေါ်ရမယ်ဆိုတာကို ပြောကြားလိုက်တဲ့ ရွိုင်ကိန်း
3:10 PM, 19 October
လက်ရှိရာသီမှာ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်မှာ ရှုံးပွဲမရှိသေးတဲ့ အသင်းအဖြစ် မြို့ခံပြိုင်ဘက်တော့တင်ဟမ်နဲ့ ပူးတွဲရပ်တည်နေပြီး ကစားထားတဲ့ ၈ ပွဲမှာ ၆ ပွဲနိုင် ၂ ပွဲသရေရလဒ်ကို ပုံဖော်ထားနိုင်ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ရဲ့နောက်ဆုံး ပရီးမီးယားလိဂ်ပွဲစဉ်ဟာ အဓိကပြိုင်ဘက် မန်ချက်စတာစီးတီးနဲ့ ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး တောင်ပံကစားသမား မာတင်နယ်လီရဲ့ တစ်လုံးတည်းသော နောက်ကျအနိုင်ဂိုးနဲ့ အနိုင် ၃ မှတ်ကို ပုံဖော်နိုင်ခဲ့တာဖြစ်ပါတယ်။ ယခုရာသီမှာ အာတီတာရဲ့အသင်းဟာ ရင်းနှီးမြှုပ်နှံမှုတွေ ကြီးကြီးမားမား ပြုလုပ်ကာ တန်ကြေးမြင့်ကစားသမားတွေ ခေါ်ဆောင်ထားပြီး ပရီးမီးယားလိဂ်အပါအဝင် ချန်ပီယံလိဂ်ကိုပါ ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။
သို့သော်လည်း ပရီးမီးယားလိဂ်ဖလားကို ၇ ကြိမ်ဆွတ်ခူးထားတဲ့ မန်ချက်စတာယူနိုက်တက် ကစားသမားဟောင်း ရွိုင်ကိန်းက အာဆင်နယ်အနေနဲ့ ပြီးခဲ့တဲ့ရာသီကထက် ပိုကောင်းတဲ့အဆင့်ကိုရောက်နိုင်ဖို့ဆိုရင် အဓိကနေရာတစ်ခုကို ထည့်သွင်းဖို့လိုအပ်နေသေးတယ်လို့ ပြောကြားခဲ့ပါတယ်။ အိုင်ယာလန်သမ္မတနိုင်ငံရဲ့ လက်ရွေးစင်ကစားသမားဟောင်းနဲ့ အာဆင်နယ်ဂန္ထဝင်ကစားသမားဟောင်း အီယန်ရိုက်တို့ပြုလုပ်ခဲ့တဲ့ Stick to Football အစီအစဉ်မှာ ၎င်းတို့က အာဆင်နယ်လိုအပ်နေတဲ့ ကစားသမားကို အကြံပြုပြောကြားလာခဲ့တာဖြစ်ပါတယ်။
အီယန်ရိုက်က ဘရန့်ဖို့ဒ်တိုက်စစ်မှူး အိုင်ဗန်တိုနေးဟာ အာဆင်နယ်ကို နောက်တစ်ဆင့်ကို ရောက်ရှိစေနိုင်တဲ့အပြင် လိုအပ်နေတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ ပြောဆိုဆွေးနွေးခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့နှစ်က ၃ ယောက်ပေါင်း ၂၂ ဂိုး သွင်းယူနိုင်ခဲ့တဲ့ အသင်းရဲ့တိုက်စစ်ကစားသမား ဂါဘရီရယ်ဂျီးဆပ်၊ အန်ကီတီယာနဲ့ ကိုင်ဟားဗတ်ဇ်တို့ကိုလည်း တိုးတက်ဖို့လိုသေးတယ်လို့ ထောက်ပြလာခဲ့ပါတယ်။
ရွိုင်ကိန်းကလည်း အီယန်ရိုက်ရဲ့အမြင်ဟာ မှန်ကန်ကြောင်းကိုထောက်ခံတဲ့အနေနဲ့ “အာဆင်နယ်အနေနဲ့ ပရီးမီးယားလိဂ်ဖလားရဖို့ဆိုရင် အိုင်ဗန်တိုနေးကို သေချာပေါက်လိုအပ်ပါတယ်။ အသင်းက ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ ကစားနိုင်တာကြည့်လို့ကောင်းပေမယ့် ကြံ့ခိုင်မှုကောင်းကောင်းလည်း လိုအပ်ပါသေးတယ်။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း မန်စီးတီးဟာ တဖြည်းဖြည်းကြီးထွားလာပါတယ်။ သူတို့က ဘက်ပေါင်းစုံကနေ ကြီးထွားလာတာပါ။ ဒီရာသီမှာ အာဆင်နယ် အနေနဲ့လည်း အရန်ခုံကနေ လူငယ်လေးတွေထွက်လာတာကို မြင်ရပါတယ်။ သူတို့က ကြီးမားပြီး ကြံ့ခိုင်တဲ့ ကစားသမားတွေပါ။ ပြင်းပြင်းထန်ထန်ကစားရတဲ့ ပွဲစဉ်တွေမှာဆို သူတို့ကအသင်းအတွက် အထောက်အကူဖြစ်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ဆိုင်းငံ့ခံရပြီးနောက် ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ဘရန့်ဖို့ဒ်သို့ပြန်လည် ရောက်ရှိလာတဲ့ အိုင်ဗန်တိုနေးဟာ ယခင်က အာဆင်နယ်အသင်းရဲ့ကစားဟန်ကို ချီးကျူးပြောဆိုခဲ့ဖူးပြီး အလွန်လေးစားရတဲ့ အသင်းတစ်သင်းဖြစ်ကြောင်း အခိုင်အမာဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်မှာ ဂိုး ၂၀ အထိ သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူးက “လူတိုင်းက ထိပ်တန်းအသင်းမှာ ကစားချင်ကြတာပါပဲ။ မန်နေဂျာကလည်း ကျွန်တော်က တတ်နိုင်သလောက်အမြင့်ဆုံး အဆင့်မှာ ကစားချင်နေတဲ့အကြောင်းကို သိပါတယ်။ ဘရန့်ဖို့ဒ်မှာရှိနေခဲ့တဲ့ အချိန်တွေက ကျွန်တော့်ကစားသမားဘဝရဲ့အကောင်းဆုံး အချိန်တွေပါ။ ဒါပေမယ့် ဒီအသင်းကနေထွက်ခွာရင်တော့ မှန်ကန်တဲ့အသင်းတစ်သင်းကို သွားမှာပါ” လို့ပြောကြားခဲ့ပါတယ်။